အခြေခံပညာသင်ရိုး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၈ ဇူလိုင်

 

အခြေခံပညာသင်ရိုး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းများ ပြန်လည်ဖွင့်လှစ်မည့် အစီအစဉ်အရ အခြေခံပညာအထက်တန်းအဆင့် ကျောင်းများအားလုံးကို လာမည့်ဇူလိုင် ၂၁ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေးနှင့်ညီညွတ်၍ လုံခြုံဘေးကင်းစေရန် စီစဉ်ဆောင်ရွက်ပြီး ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ပါကြောင်း၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် Physical Distancing အရ ဆရာ၊ ကျောင်းသားတစ်ဦးနှင့်တစ်ဦး အကြား ၆ ပေခြားပြီး သင်ကြားသင်ယူနိုင်ရန် စီစဉ်ထားပါကြောင်း၊ ကျောင်းသား ကျောင်းသူဦးရေ၊ ဆရာဆရာမဦးရေ၊ စာသင်ခန်းနှင့်စာသင်ခုံ အရေအတွက်များ အပေါ်မူတည်၍ ကျောင်းပြန်ဖွင့်ရာတွင် ပုံမှန်အတိုင်းဖွင့်မည့်ကျောင်းများ၊ တစ်ပတ်ခြား ဖွင့်မည့်ကျောင်းများ၊ တစ်ပတ်ခြား နှစ်သုတ်တက်ရမည့်ကျောင်းများ၊ တစ်ပတ်ခြား နှစ်သုတ်သုံးရက်စီ တက်ရမည့် ကျောင်းများဟူ၍ အမျိုးမျိုးရှိပါကြောင်း၊ ကျောင်းများပြန် လည်ဖွင့်လှစ်သည့်အခါတွင် အရည်အသွေးရှိသော သင်ယူတတ်မြောက်မှုရှိစေရန် သင်ရိုးတစ်ခုလုံးကို လွှမ်းခြုံ၍ လွယ် သင့် ခက် မျှတမှုရှိစေမည့် သင်ရိုးဟောင်း Grade-11 နှင့် သင်ရိုးသစ် Grade-10 သင်ခန်းစာများအား စာသင်ချိန်နှင့် လိုက်လျောညီထွေ သင်ကြားသင်ယူနိုင်ရန် စီစဉ်ရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် သင်ရိုးဟောင်း Grade-11 တွင် အသက်မွေးဝမ်း ကျောင်းပညာရပ်များနှင့် အဆင့်မြင့်ပညာရပ် ဆက်လက်သင်ယူရာတွင် လိုအပ်မည့် အခြေခံသင်ရိုးညွှန်းတမ်း လွှမ်းခြုံသင်ယူ တတ်မြောက်နိုင်ရန် လိုပါကြောင်း။

 

1

 

သင်ရိုးညွှန်းတမ်း၊ သင်ခန်းစာများ၊ အကဲဖြတ်စစ်ဆေးခြင်းများနှင့် စာမေးပွဲချိတ်ဆက်မှုများ အရေးကြီးပါကြောင်း၊ အထူးသဖြင့် ကျောင်းများအားလုံးအတွက် မတူညီနိုင်သော ကျောင်းတက်ချိန်များ ထည့်သွင်းစဉ်းစား၍ သင်ယူတတ်မြောက်ရမည့် အကြောင်းအရာ သင်ခန်းစာများကို ညှိနှိုင်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ ဘာသာရပ် သင်ရိုးညွှန်းတမ်းကော်မတီများအနေဖြင့် လက်တွေ့ဆောင်ရွက်နိုင်မည့် အခြေအနေကို အကောင်းဆုံးစီစဉ် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ဆရာဆရာမများ၏ လိုအပ်ချက်၊ အခက်အခဲများကို ဖြည့်ဆည်းပေးရန်နှင့် Check List ဖြင့် သင်ယူတတ်မြောက်မှု အရည်အသွေး ကောင်းမွန်ရန် စိစစ်ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊ အမျိုးသား ပညာရေးမူဝါဒ ကော်မရှင်နှင့် အမျိုးသားသင်ရိုး ညွှန်းတမ်းကော်မတီတို့မှ ဆရာကြီး ဆရာမကြီးများကလည်း ဝိုင်းဝန်းဆွေးနွေးအကြံပြု၍ သင်ရိုးညွှန်းတမ်းများကို အတည်ပြုပေးစေလိုပါကြောင်း၊ ကျောင်းသားကျောင်းသူများ၏ သင်ယူမှုအခွင့်အလမ်း မဆုံးရှုံးစေရေးအတွက် ရှိနေသည့်အခြေအနေတွင် အဖြစ်သင့်ဆုံး အကောင်းဆုံးအနေအထားဖြင့် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အမှာစကားပြောကြားပြီး အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီဥက္ကဋ္ဌ ဒေါက်တာမြင့်ဆွေက သင်ရိုးညွှန်းတမ်းနှင့် ပတ်သက်၍ တင်ပြဆွေးနွေးသည်။

 

ယင်းနောက် အစည်းအဝေးတက်ရောက်လာသူများက အခြေခံပညာသင်ရိုးနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးကြသည်။

 

အခမ်းအနားသို့ အမျိုးသားပညာရေး မူဝါဒကော်မရှင်မှ တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စာစစ်မှူးချုပ်များ၊ ဘာသာရပ် သင်ရိုးညွှန်းတမ်းကော်မတီမှ အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

 

သတင်းစဉ်