အခြေခံစားသောက်ကုန်များကို သက်သာသောနှုန်းထားဖြင့် စက်မှုဇုန်များတည်ရှိရာ မြို့နယ်များတွင် လှည့်လည်ရောင်းချမည်

၂၆ မတ်

 

ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများပူးပေါင်း၍ အခြေခံစားသောက်ကုန်များကို သက်သာသောနှုန်းထားဖြင့် စက်မှုဇုန်များတည်ရှိရာ မြို့နယ်များတွင် လှည့်လည်ရောင်းချမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။

 

“အသင်းအဖွဲ့တွေက အဓိကလုပ်တာပါ၊ ဆန်ကုန်သည်အသင်းတို့ ဆီတို့ပေါ့၊ အဓိက စားသုံးသူလက်ထဲကို တိုက်ရိုက်ရောက်စေချင်တာပါ၊ ကုန်ဈေးနှုန်းကြီးမြှင့်မှုတွေ မရှိရအောင်လို့ရယ်၊ ကြားမှာ ဈေးတင်ရောင်းမှုတွေ မဖြစ်အောင်လို့ နောက်တော့ ပစ္စည်းက အလျှံအပယ်ရှိတယ်၊ ဒီဥစ္စာကို ဒီကုန်စည်စီးဆင်းမှု ချောမွေ့အောင်လို့ အသင်းချုပ်နဲ့ ညီနောင်အသင်းတွေက လုပ်ပေးတာပါ”ဟု ဒေါက်တာမောင်မောင်လေးက ပြောသည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်သည် ညီနောင်အသင်းများဖြစ်ကြသည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီတို့နှင့် ပူးပေါင်း၍ မတ် ၂၆ ရက်က လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံးရှေ့တွင် အခြေခံစားသောက်ကုန်များကို သက်သာသောနှုန်းထားဖြင့် လှိုင်သာယာမြို့နယ်အတွင်းရှိ ပြည်သူများသို့ ရောင်းချခဲ့သည်။

 

ထို့ပြင် အခြားစက်မှုဇုန်များတည်ရှိရာ မြို့နယ်များသို့လည်း လာမည့်ရက်များအတွင်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ ဆက်လက်လှည့်လည် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ လှည့်လည်ရောင်းချခြင်းဖြင့် လတ်တလော COVID-19 အရေးကြောင့် အများပြည်သူ ဝယ်ယူစားသုံးနေသည့် အခြေခံစားသောက်ကုန်များ ဈေးကွက်အတွင်း ပြတ်လပ်ခြင်းမရှိစေရန်နှင့် ဈေးနှုန်းကြီးမြင့်ခြင်း မရှိစေရန်အတွက် ညှိနှိုင်းထိန်းသိမ်းရန် ရည်ရွယ်ခြင်းဖြစ်ပြီး ဒေသတွင်း ဖွင့်လှစ်ရောင်းချနေသည့် အိမ်ဆိုင်များ၊ လက်လီ၊ လက်ကားလုပ်ငန်းများ ထိခိုက်မှုမရှိစေရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိ အခြေခံလူတန်းစားနှင့် အလုပ်သမားလူတန်းစာ အများစုရှိသော လှိုင်သာယာ၊ ရွှေပြည်သာနှင့် ရွှေလင်ပန်းမြို့နယ်များကို ဦးစားပေးနေရာများ အဖြစ်သတ်မှတ်၍  အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ  ဦးရဲမင်းအောင်က ပြောသည်။

 

“ဆန်အိတ်နဲ့ ဒီကုန်စည်တွေအားလုံးကို လိုအပ်ချက်ရှိသလောက် ဝယ်သလောက် ရောင်းပေးမှာပါ။ စက်ရုံဝန်ထမ်းတွေရော၊ အဲ့ဒေသတွေမှာရှိတဲ့ နေထိုင်နေတဲ့ သူတွေအားလုံးကို ရောင်းချပေးမှာပါ”ဟု ဦးရဲမင်းအောင်က ပြောသည်။

 

လက်ရှိ COVID-19 ကပ်ရောဂါကြောင့် သတင်းမှားများ ထွက်ရှိလာမှုအပေါ် အခွင့်ကောင်းယူ၍ အခြေခံစားသောက်ကုန်များကို ဈေးတင်ရောင်းကာ အမြတ်ထုတ်သည့် လူပုဂ္ဂိုလ်များရှိကြောင်း ဒေါက်တာမောင်မောင်လေးက ထပ်မံပြောကြားသည်။

 

“အခုဟာက လူမှုကွန်ရက်တွေက များလာတော့ သတင်းအမှားတွေ ပေါ်လာတော့ တချို့ ထင်ယောင်ထင်မှားဖြစ်တာ တော်တော်လေးဖြစ်ပါတယ်၊ ဒါက မြန်မာနိုင်ငံမှ မဟုတ်ဘူး၊ အမေရိကားမှာတောင် ဖြစ်တယ်၊ အမေရိကားမှာလည်း ပစ္စည်းပြတ်လပ်မှုတွေရှိတယ်၊ တချို့ဆိုင်ကြီးတွေမှာ အခုအချိန်ထိ ဝယ်တုန်းဘဲရှိတယ်၊ တချို့ဆိုင်လေးတွေမှာတော့ ရပ်သွားပြီ၊ ဒါကတစ်ကမ္ဘာလုံးမှာ လူ့သဘောသဘာဝပါ၊ ဒါကို အမြတ်ထုတ်တဲ့ လူပုဂ္ဂိုလ်ဆိုင်တွေလည်း ရှိတာပေါ့၊ ဒါမျိုး အမျိုးမျိုးတော့ လုပ်စားကြတာပေါ့၊ ဒါတွေကတော့ ဖြစ်လေ့ဖြစ်ထရှိပါတယ်၊ ဒါအချိန်တစ်ခုမှာ အတိုင်းအတာတစ်ခုမှာ ဖြစ်တယ်၊ တဖြေးဖြေး ငြိမ်သွားလေ့ရှိပါတယ်”ဟု ၎င်းကပြောသည်။

 

ထို့ပြင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့်လည်း ပြည်သူများအနေဖြင့် သတင်းမှားများ၊ ဝါဒဖြန့်မှုများကို မယုံကြရန်နှင့် ပြည်တွင်းဈေးကွက်တွင်  လက်ကျန်ဆန်စပါး လုံလောက်စွာ ထားရှိခြင်းကြောင့် ပြည်တွင်းဆန် ပြတ်လပ်မည့် အခြေအနေကို လုံးဝစိုးရိမ်စရာမလိုကြောင်း သတင်းထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် မတ် ၂၄ ရက်ကလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူလူထုသို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) မှ အစီရင်ခံစာတင်ပြခဲ့ရာတွင် အစိုးရအနေဖြင့် အများပြည်သူများအတွက် မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ဈေးများနှင့် အရောင်းအဝယ်စင်တာများကို ပိတ်သိမ်းရန် အစီအစဉ်မရှိကြောင်း၊ ရိက္ခာပြတ်နိုင်သည့် အလားအလာ မရှိကြောင်း အသိပေးပြောကြားထားသည်။

 

ငြိမ်းငြိမ်း