အိုင်ယူရဲ့ ပရိသတ်ပါလို့ဆိုလိုက်တဲ့ ဆောင်းဆန်ဟွန်

အေးပြည့်

တောင်ကိုရီးယားရဲ့ ထိပ်တန်းမင်းသားတစ်ဦးဖြစ်သူ ဆောင်းဆန်ဟွန်းက သူဟာ ကေပေါ့ပ်ကြယ်ပွင့် တစ်ဦးအဖြစ်မှသည် သရုပ်ဆောင်တစ်ဦးအဖြစ် အောင်မြင်လာတဲ့ အိုင်ယူရဲ့ ပရိသတ်တစ်ဦးဖြစ်ကြောင်း အိုင်ယူဆီကို လက်ဆောင်ပို့ပေးရင်းက ရင်ဖွင့်ခဲ့တာဖြစ်တယ်လို့ ကိုရီးယားဘိုးဒေါ့ကွန်းရဲ့ ရေးသားဖော်ပြ ချက်တွေအရ သိရပါတယ်။

ဇူလိုင် ၂၄ ရက်မှာ အိုင်ယူက သူ့ရဲ့အင်စတာဂရမ် စာမျက်နှာပေါ်မှာ ဆောင်းဆန်ဟွန်းဆီက လက်ခံရရှိခဲ့တဲ့ လက်ဆောင်နဲ့အတူ ရိုက်ကူးထားတဲ့ဓာတ်ပုံကို ဖော်ပြခဲ့ပါတယ်။ ဒီလက်ဆောင်ကတော့ ဇာတ်လမ်းတွဲ “Hotel del Luna”  ကို လက်ခံရိုက်ကူးပေးနေတဲ့ အိုင်ယူနဲ့ ရုပ်ရှင်အဖွဲ့သားတွေအတွက် ကော်ဖီကားကို ပို့ပေးခဲ့တာဖြစ်ပါတယ်။ အဆိုပါကားမှာ ခေါင်းစီးစာတန်းကိုလည်း ထည့်သွင်းရေးသားထားပြီး ယင်းစာတန်းမှာ ရုပ်ရှင်အဖွဲ့သားတွေကို ကြိုးစားထားဖို့ အားပေးထားကာ မင်းသားဆောင်းဆန်ဟွန်းက သူ့ကိုယ်သူ အိုင်ယူပရိသတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌလို့ ထည့်သွင်းရေးသားဖော်ပြထား တာကိုလည်း တွေ့ရပါတယ်။

ဆောင်းဆန်ဟွန်းဆီက လက်ဆောင်လက်ခံရယူခဲ့တဲ့ အိုင်ယူက မင်းသားကို ဦးညွှတ်အရိုအသေပေးကြောင်း ရိုက်ကွင်းအဝတ်အစားတွေနဲ့ ကော်ဖီကားရှေ့မှာ ဦးညွှတ်ကာ ရိုက်ထားတဲ့ သူ့ဓာတ်ပုံကိုလည်း အင်စတာဂရမ်ပေါ်မှာ ဖော်ပြခဲ့ပါတယ်။

ကြေးမုံ