အိုလံပစ် တတိယအဆင့်ခြေစစ်ပွဲအတွက် မြန်မာအမျိုးသမီးအသင်း ကစားသမား ၂၆ ဦးဖြင့် လေ့ကျင့်

၂၀ ဇန်နဝါရီ

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီတွင် ယှဉ်ပြိုင်ရမည့် ၂၀၂၀ တိုကျိုအိုလံပစ် တတိယအဆင့်ခြေစစ်ပွဲအတွက် ပဏာမကစားသမား ၂၆ ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။

မြန်မာအမျိုးသမီးအသင်းသည် ဒီဇင်ဘာ ၂၁ ရက်တွင် စတင်လေ့ကျင့်ခဲ့သော်လည်း ရွေးချယ်ထားသည့် ကစားသမားအချို့ နောက်ကျခြင်း၊ မရောက်ရှိလာခြင်းတို့ကြောင့် ကစားသမားအပြောင်းအလဲများခဲ့ပြီး ဇန်နဝါရီပထမပတ်မှ လူစုံလေ့ကျင့်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် နည်းပြချုပ်လည်း ခန့်အပ်နိုင်ခြင်းမရှိသေးသောကြောင့် လက်ထောက်နည်းပြ ဦးခင်မောင်ထွေးက ယာယီနည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်နေကာ အုပ်ချုပ်သူ ဦးတင်မြင့်အောင်က ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

 လက်ရှိဖွဲ့စည်းထားသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ-ဦးတင်မြင့်အောင်၊ ယာယီနည်းပြချုပ်-ဦးခင်မောင်ထွေး၊ လက်ထောက်နည်းပြ-ဒေါ်သန်းသန်းထွေး၊ ဒေါ်မာလာဝင်း၊ ဂိုးနည်းပြ-ဦးမြကိုမင်း၊ ကစားသမားများအဖြစ် ဂိုး-မြဖူးငုံ၊ မေဇင်နွယ်၊ သန္တာဦး၊ ဇူးလတ်နဒီ၊ နောက်တန်း-ခင်မျိုးဝင်း၊ နော်ထက်ထက်ဝေ၊ ခင်သန်းဝေ၊ ဇွန်ယုယဦး၊ အိရတနာဖြိုး၊ အေးအေးမိုး၊ ဝေဝေအောင်၊ ချစ်ချစ်၊ ခိုင်သဇင်၊ ဖြူဖြူဝင်း၊အလယ်တန်း-မိုးမိုးသန်း၊ လင်းမြင့်မိုရ်၊ ငယ်ငယ်ထွေး၊ ခင်မာလာထွန်း၊ ခင်မိုမိုထွန်း၊ သင်းသင်းယု၊ ခင်မိုးဝေ၊ မြတ်နိုးခင်၊ ရှေ့တန်း-နုနု၊ ရီရီဦး၊ ဝင်းသိဂီထွန်းနှင့် ဂျူလိုင်ကျော်တို့ ပါဝင်နေသည်။ မြန်မာအမျိုးသမီးအသင်းသည် လက်ရှိတွင် မန္တလေးမြို့၌ လေ့ကျင့်လျက်ရှိပြီး ဇန်နဝါရီ ၂၅၊ ၂၈ ရက်တွင် ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်းနှင့် ခြေစမ်းကစားမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ထိုင်းအသင်းနှင့် ခြေစမ်းပွဲပြီးမှ အပြီးသတ်ကစားသမားများ ရွေးချယ်မည်ဖြစ်သည်။

အိုလံပစ်တတိယအဆင့်ခြေစစ်ပွဲကို ဖေဖော်ဝါရီ ၃ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (က) တွင် တောင်ကိုရီးယား၊ ဗီယက်နမ်အသင်းတို့နှင့် ကျရောက်နေသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်