Air KBZ လေကြောင်းလိုင်းက ပြည်တွင်းခရီးသွားများ သွားလာမှုအဆင်ပြေစေရန် အထူးအစီအစဉ် ပြုလုပ်ပေးထား

၂ ဇူလိုင်

ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပြည်တွင်းခရီးသွားများ အဆင်ပြေစေရန်နှင့် ခရီးသွားလာမှု အခက်အခဲ မရှိဘဲ အဆင်ပြေလွယ်ကူစေရန် Air KBZ လေကြောင်းလိုင်းက အထူးအစီအစဉ် ပြုလုပ်ပေးထားကြောင်း သိရသည်။

 

Air KBZ လေကြောင်းလိုင်းသည် ကိုဗစ်-၁၉ ရောဂါကာလတွင်လည်း ခရီးစဉ်များ ပျံသန်းပြေးဆွဲပေး လျက်ရှိပြီး ခရီးသည်များ ပိုမိုအဆင်ပြေစေရန် ပြည်တွင်းခရီးစဉ်များအတွက် ထိုင်ခုံအရေအတွက် ၁၀၀၀၀၀ (တစ်သိန်း) အထိ ဝယ်ယူနိုင်မည့် ''ကြိုဝယ်ထားမယ်'' X5000 အစီအစဉ်ကို ပြုလုပ်ပေး ထားသည်။ Air KBZ လေကြောင်းလိုင်းက ပုံမှန်ပြေးဆွဲလျက်ရှိသည့် မန္တလေး၊ ဟဲဟိုး၊ သံတွဲ၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ လွိုင်ကော်၊ ကျောက်ဖြူ၊ စစ်တွေ၊ လားရှိုး၊ တာချီလိတ်၊ ကျိုင်းတုံ၊ မြစ်ကြီးနား၊ နေပြည်တော်၊ ခန္တီးနှင့် ကလေးမြို့ အစရှိသည့် ခရီးစဉ် ၁၆ ခုသို့ လက်မှတ်စျေးနှုန်း ငွေကျပ် ၃၅၀၀၀ မှစတင်ကာ ဝယ်ယူနိုင်မည်ဖြစ်သည်။

 

အထူးအစီအစဉ်ဖြင့် ရောင်းချမည့်လက်မှတ်များကို ဇူလိုင် ၃ ရက်မှ ၉ ရက်အထိ ဝယ်ယူရမည်ဖြစ်ပြီး ဇူလိုင် ၁၀ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ သွားလာနိုင်ကာ ခရီးစဉ်ရက်အပြောင်းအလဲနှင့် ခရီးသည် အမည်ပြောင်းလဲခြင်း (တစ်ကြိမ်) ကို ခုနစ်ရက်မတိုင်မီ အခမဲ့ပြုလုပ်ခွင့်ရမည်ဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလတွင် ပြည်တွင်းခရီးသွားများ အဆင်ပြေစေရန် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ယင်းလက်မှတ်များကို Air KBZ ၏ ဝက်ဘ်ဆိုက် - www.airkbz.com၊ Mobile App၊ K7Chatbot၊ နယ်ရုံးခွဲများနှင့် လက်မှတ်အရောင်းကောင်တာများ၊ Air KBZ ၏ လက်မှတ်အရောင်းကိုယ်စားလှယ်များထံတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

 

Air KBZ လေကြောင်းလိုင်းသည် မြန်မာနိုင်ငံရှိ မြို့ပေါင်း ၁၈ မြို့သို့ ATR72-600 လေယာဉ်ရှစ်စီးဖြင့် ပျံသန်းပြေးဆွဲလျက်ရှိပြီး လက်ရှိခရီးစဉ်အချိန်ဇယားများအရ တစ်ပတ်လျှင် လေကြောင်းခရီးစဉ်ပေါင်း ၁၃၀ ခန့် ပြေးဆွဲနေကြောင်း သိရသည်။  

 

Air KBZ လေကြောင်းလိုင်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များ တွင်လည်း ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

သတင်း-ဖိုးသော်ဇင်