အိန္ဒိယသို့ ဆိုင်ကလုန်းမုန်တိုင်း ချဉ်းကပ်လာသည့်အတွက် ပြည်သူထောင်နှင့်ချီ နေအိမ်စွန့်ခွာ

ပူဒူချယ်ရီ(အိန္ဒိယ) ၂၅  နိုဝင်ဘာ

အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်းက အိန္ဒိယနိုင်ငံ အရှေ့တောင်ဘက် ကမ်းရိုးတန်းဒေသများသို့ ဝင်ရောက်ချဉ်းကပ်လာသည့်အတွက် မုန်တိုင်းဖြတ်သန်းနိုင်ဖွယ်ရှိသည့် ဒေသများတွင် နေထိုင်သည့် ပြည်သူထောင်နှင့်ချီ၍ ဘေးလွတ်ရာသို့ ယနေ့ပြောင်းရွှေ့သွားကြောင်း သိရသည်။

နီဗာအမည်ရှိ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် နိုဝင်ဘာ ၂၆ ရက်အစောပိုင်းတွင် တစ်နာရီလျှင် ကီလိုမီတာ ၁၂၀ နှုန်းဖြင့် နိုင်ငံ၏ အရှေ့တောင်ဘက် ကုန်းတွင်းပိုင်းဒေသများသို့ ဝင်ရောက် တိုက်ခတ်ဖွယ်ရှိသည်ဟု မိုးလေဝသဌာနက ခန့်မှန်းထားသည်။

ဒေသဆိုင်ရာအာဏာပိုင်များသည် မုန်တိုင်းဖြတ်သန်းနိုင်ဖွယ်ရှိသည့် နိုင်ငံ၏ တောင်ဘက် တာမီးလ် နာဒူ၊ အင်ဒရာပရာဒေ့ရှ်နှင့် ပူဒူချယ်ရီစသည့် ပြည်နယ်များတွင် ကူညီကယ်ဆယ်ရေးဝန်ထမ်း ထောင်နှင့်ချီ၍ ဖြန့်ကြက်ထားကြောင်း သိရသည်။

ထို့အပြင် ဒေသဆိုင်ရာ အာဏာပိုင်များသည် ဆိုင်ကလုန်းမုန်တိုင်း ဖြတ်သန်းဖွယ်ရှိသည့်ဒေသများတွင် နိုဝင်ဘာ ၂၆ ရက်ကို အများပြည်သူရုံးပိတ်ရက်အဖြစ် ကြေညာထားပြီး မရှိမဖြစ်လိုအပ်သော အရေးပေါ်ဝန်ဆောင်မှုများမှလွဲ၍ အခြားလုပ်ငန်းအားလုံးကို ပိတ်ပင်ရန်ကြေညာထားသည်။ 

ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ချဉ်းကပ်လာသည်နှင့်အမျှ နိုင်ငံ၏ အရှေ့တောင်ဘက် ဒေသတချို့တွင် မိုးရွာသွန်းမှုဖြစ်ပွားလာပြီး နောက်နာရီအနည်းငယ်အတွင်း မိုးသည်းထန်စွာရွားသွန်းမှု ဖြစ်ပွားလာဖွယ်ရှိသည့်အတွက် တာဝန်ရှိသူများက ပြည်သူများအား နေအိမ်ထဲ၌နေကြရန်နှင့်  ဒေသဆိုင်ရာ အာဏာပိုင်များ၏ လမ်းညွှန်ချက်များကို လိုက်နာကြရန် တိုက်တွန်းလိုက်သည်။ ထို့အပြင် ဒေသဆိုင်ရာအာဏာပိုင်များသည် အဆိုပါဒေသများရှိ ရေလုပ်သားများကို ပင်လယ်သို့ မထွက်ကြရန် အကြံပြုထားသည်။

ယခုနှစ် မေလက အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ အမ်ဖန်အမည်ရှိ ဆူပါဆိုင်ကလုန်း ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူ ၁၁၀ ကျော် အသက်ဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူထောင်နှင့်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း သိရသည်။

ကိုးကား - အေအက်ဖ်ပီ      

ဘာသာပြန် - ဂျေတီ