အိန္ဒိယနိုင်ငံရှိ ကိုဗစ်ကုသရေးဆေးရုံတစ်ခု၌ မီးလောင်မှုဖြစ်ပွားရာ လူနာငါးဦး သေဆုံး

နယူးဒေလီ  ၂၇ နိုဝင်ဘာ

           

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ရာဂျ်ကော့မြို့ရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးဆေးရုံတစ်ခု၏ အထူးကုသ ဆောင်တစ်ခု၌ ယနေ့နံနက်အစောပိုင်းက မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ကိုရိုနာဗိုင်းရပ်စ်လူနာ ငါးဦးထက်မနည်း သေဆုံးခဲ့သည်။

           

ဆေးရုံ၌ ကုသမှုခံယူနေသည့် အခြား ကိုရိုနာဗိုင်းရပ်စ်လူနာ ၃၀ ဦးကို ကယ်တင်နိုင်ခဲ့သည်။ လူနာ ၃၃ ဦး ဆေးရုံတင်ထားရာ ရာဂျ်ကော့မြို့၊ မာဒီအရပ်ရှိ အူဒေးရှီဗာနန်ဆေးရုံ၏ အထူးကုသဆောင်၌ ယနေ့နံနက် ၁ နာရီ ဝန်းကျင်၌ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

           

လူနာခုနှစ်ဦးကို အထူးကုသဆောင်၌ ကုသပေးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ ဂျေဘီသီဗာက ပြောသည်။ “မီးလောင်တဲ့အကြောင်း ဖုန်းဆက်ဆက်ချင်း ကျွန်တော်တို့ ဆေးရုံကို ချက်ချင်းသွားရောက်ပြီး လူနာ ၃၀ ကို ကယ်တင်ခဲ့ပါတယ်” ဟု ဂျေဘီက ပြောသည်။

           

မီးလောင်မှုကို ထိန်းချုပ်နိုင်ပြီဖြစ်ပြီး မီးလောင်ရသောအကြောင်းရင်းကို မဖော်ထုတ်နိုင်သေးကြောင်း၊ ကယ်တင်ခဲ့သော လူနာများကို အခြားကိုဗစ်-၁၉ ဆေးရုံများသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ၄င်းက ဆိုသည်။

           

မီးလောင်မှုနှင့်ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ် ဗီဂျေးရူပါနီထံ သတင်းပို့ခဲ့ရာ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရန် ညွှန်ကြားခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး အဒစ်ယာအဂါဝယ်က ပြောသည်။

           

သြဂုတ်လအတွင်းကလည်း ဂူဂျာရတ်ပြည်နယ်၏မြို့တော် အာမက်ဒါဘတ်မြို့ရှိ ဆေးရုံတစ်ခု၌ မီး လောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ကိုဗစ်လူနာရှစ်ဦး သေဆုံးခဲ့သည်။

 

ကိုးကား-PTI