အိန္ဒိယအစိုးရက မြန်မာအစိုးရထံ COVID-19 ကာကွယ်ဆေး COVIDSHIELD (၁ ဒသမ ၅)သန်း ကူညီထောက်ပံ့

နေပြည်တော် ၂၂ ဇန်နဝါရီ

မြန်မာနိုင်ငံက ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အစီအမံ များအား အထောက်အကူပြုစေရန် ရည်ရွယ်ပြီး အိန္ဒိယအစိုးရက မြန်မာအစိုးရသို့ အိန္ဒိယ နိုင်ငံအခြေစိုက် Serum Institute of India (SII)ထုတ် ကာကွယ်ဆေး COVIDSHIELD (၁ ဒသမ ၅)သန်းကို ပထမအသုတ်အဖြစ် လှူဒါန်းခဲ့ရာ ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် Air India လေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ချောမောစွာ ရောက်ရှိသည်။

ကာကွယ်ဆေး(၁ ဒသမ ၅)သန်း လွှဲပြောင်းလှူဒါန်းသည့် အခမ်းအနားကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်)ကူးမားက COVIDSHIELD ကာကွယ်ဆေးများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းထံ လွှဲပြောင်းပေးသည်။

အဆိုပါအခမ်းအနားသို့  နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကျန်းမာရေး နှင့်အားကစား ဝန်ကြီးဌာနတို့မှ အဆင့်မြင့် အရာရှိကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

လှူဒါန်းမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံ သံအမတ်ကြီး က  “ ဒီကာ ကွယ်ဆေးတွေကို  အိန္ဒိယနိုင်ငံက ထုတ်လုပ်တာပါ။ မြန်မာ နိုင်ငံအပါအဝင် ကျွန်ုပ်တို့ရဲ့ မိတ်ဖက်နိုင်ငံတွေကို ကာကွယ်ဆေး ထောက်ပံ့မယ့် အစီအစဉ်ဟာ အိန္ဒိယနိုင်ငံဝန်ကြီး ချုပ်ရဲ့ နိုင်ငံတကာ အခမ်းအနားတွေမှာ ပြောကြားလေ့ရှိတဲ့ မိန့်ခွန်းတစ်ရပ်ဖြစ်တဲ့ အိန္ဒိယ နိုင်ငံရဲ့ ကာကွယ်ဆေးထုတ်လုပ်နိုင်မှုနဲ့ ဖြန့်ဝေနိုင်မှု စွမ်းဆောင် ရည်တို့ကို ယခု ကမ္ဘာ့ကပ် ရောဂါကို တွန်းလှန်တိုက်ဖျက်ရာမှာ လူသားအားလုံးကို အကူအညီပေး မယ်ဆိုတဲ့ ဂတိ စကားကိုဖြည့်ဆည်းဖော်ဆောင်ပေးခြင်းပဲ ဖြစ်ပါတယ် ” ဟု ပြောကြား သည်။

ယနေ့ကာကွယ်ဆေးရောက်ရှိလာမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က “ ပထမ အကြိမ်ထိုးပြီးရင်လည်းသတိ ရှိရှိနဲ့နေကြပါ။ ဒုတိယအကြိမ်ထိုးပြီးရင်လည်း ကာကွယ်ရေးနည်းလမ်းတွေကိုလိုက်နာပြီး တန်ဖိုး ရှိတဲ့ဆေးတွေ အလဟသ မဖြစ်အောင်နေထိုင်ကြစေလိုပါတယ်။ အခုမြန်မာနိုင်ငံ ကိုရောက်ရှိလာတဲ့ ကိုဗစ် ကာကွယ်ဆေးကတော့ အအေး 2°C မှ 8°C အတွင်းမှာ ထားရတဲ့ဆေးပါ။ ကျွန်တော်တို့အနေနဲ့ကလည်း အရင်ကာကွယ်ဆေးတွေကို အအေးခန်း တွေမှာ ထားသုံးရတဲ့ဆေးမျိုးတွေရှိနေတော့ အခု ကိုဗစ်ကာကွယ်ဆေးအတွက် အထွေအထူး ပြဿနာ မရှိပါဘူး။ ယခင်ပုံမှန်ကာကွယ်ဆေးတွေကိုလည်းတစ်နိုင်ငံလုံး ကို အအေးလမ်းကြောင်းမပျက်တဲ့ စနစ်တွေနဲ့ စနစ်တကျ ဖြန့်ဖြူးတဲ့အတွေ့အကြုံလည်း ရှိပြီး သားဖြစ်တဲ့အတွက် အချိန်မီရောက်ရှိသွားအောင် Central Cold Change ကနေ ဖြန့်ဝေသွားမှာပါ " ဟု ပြောသည်။

အိန္ဒိယအစိုးရအနေဖြင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမို ခိုင်မာလာစေရန်နှင့် မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ  လုပ်ငန်းများကို အထောက်အကူပြုစေပြီး မြန်မာပြည်သူပြည်သားများ ၏ ကျန်းမာရေး ကာကွယ် စောင့်ရှောက်မှုကဏ္ဍ မြှင့်တင်ရန်အတွက် ရှေးရှု၍ ကာကွယ်ဆေး (၁ ဒသမ ၅)သန်းကို ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ပထမအသုတ်အဖြစ် လှူဒါန်းခြင်းဖြစ်ပြီး ထပ်မံ၍ ဒုတိယ အကြိမ် ဆက်လက်လှူဒါန်းရန်ရှိကြောင်း သိရသည်။

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ - ဖေဇော်