အိမ်ခြံမြေဝန်ဆောင်မှုဆိုင်ရာ ဥပဒေများအသိပညာပေး သင်တန်းဖွင့်လှစ်

ရန်ကုန်  ၂၃   ဖေဖော်ဝါရီ 

မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA) မှ ကြီးမှူးကျင်းပသည့် အိမ်ခြံမြေဝန်ဆောင်မှုဆိုင်ရာ ဥပဒေများ အသိပညာပေးသင်တန်းကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ SKY STAR ဟိုတယ်၌ ဖွင့်လှစ်သည်။ 

အိမ်ခြံမြေဝန်ဆောင်မှုဆိုင်ရာ ဥပဒေများ အသိပညာပေးသင်တန်းသို့ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း အသင်းသူ၊ အသင်းသား များနှင့် အိမ်ခြံမြေလုပ်ငန်း စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ (နေပြည်တော်)မှ ရဲမှူးအောင်ကျော်စိုးက “ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုများအား ငွေကြေးထောက်ပံ့ခြင်း နှိမ်နှင်းမှုဆိုင်ရာဥပဒေအကြောင်း” နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ အသိပညာပေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးမျိုးလွင်ဦးက “အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ အကြောင်း” တို့ကို ဟောပြောသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးတင်မောင်က "အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီး အသင်းဝင်အများစုက မသိကြဘူး။ မသိကြတဲ့အတွက် အကျိုးဆောင်တွေမှာ နိုင်ငံတော်ကဥပဒေနဲ့အညီ တိတိကျကျ ဆောင်ရွက်လာရင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးလို့ခေါ်တဲ့ ဥပဒေတွေနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေနဲ့ ငြိစွန်းသွားနိုင်တယ်။ အဂတိလိုက်စားမှုနဲ့ ငွေကြေးခဝါချမှုက တစ်ဆက်တည်းပဲ အဂတိလိုက်စားမှုကရတဲ့ငွေသည် ငွေကြေး ခဝါချမှု ထဲကိုဝင် ရောက်နိုင်တယ်။ ငွေကြေးခဝါချမှု ပြုလုပ်တဲ့သူတွေက တရားမဝင် လုပ်ငန်းတွေကို လုပ်ဆောင်ပြီးတော့ ငွေမည်းကို ငွေကြေးခဝါချတယ်။ ဒါတွေကို အကျိုးဆောင်တွေ သိရှိမှ ပြည်သူတွေသိရှိမှ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေကို ပူးပေါင်းပါဝင်နိုင်မှာ ဖြစ်တဲ့အတွက် ဥပဒေများ အသိပညာပေး သင်တန်းကို ပြုလုပ်ရခြင်းဖြစ်ပါတယ်" ဟု ပြောသည်။

အိမ်ခြံမြေဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေသည့် အသင်းဝင်များ သိရှိစေရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA) မှ ကြီးမှူးပြီး ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုများအား ငွေကြေးထောက်ပံ့ခြင်း နှိမ်နှင်းမှုဆိုင်ရာ ဥပဒေအကြောင်းနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ အကြောင်းတို့ကို နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် အသိပညာပေး သင်တန်းများ ပြုလုပ်ဟောပြောခဲ့ပြီး ယနေ့ ရန်ကုန်တွင် တတိယအကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ကြောင်း MRPDA မှ သိရသည်။

သတင်းနှင့်ဓာတ်ပုံ-မင်းသစ်