အီတလီနိုင်ငံသား ကမ္ဘာလှည့်စက်ဘီးစီးအဖွဲ့ မြင်းခြံမြို့မှ ပုဂံညောင်ဦးသို့ ဆက်လက်သွားရောက်

မြင်းခြံ  ၁၉  ဇန်နဝါရီ

 

အီတလီနိုင်ငံ၊ Veneto ဒေသ Porto Viro ခရီးသည် (၄)ဦးပါ စက်ဘီးစီးအဖွဲ့သည် မြင်းခြံမြို့မှ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ပုဂံ-ညောင်ဦးသို့ ယနေ့ နံနက် ၈ နာရီ မိနစ် ၂၀ ခန့်က စတင်ထွက်ခွာသွားကြောင်း သိရသည်။

 

အဆိုပါ အီတလီနိုင်ငံသား ကမ္ဘာလှည့်စက်ဘီးစီးအဖွဲ့ကို ကြိုဆိုရန် မြင်းခြံမြို့သို့ရောက်ရှိလာသော ပုဂံ-ညောင်ဦး စက်ဘီးစီးအဖွဲ့နှင့် မြင်းခြံစက်ဘီးစီးအဖွဲ့တို့က ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် အီတလီနိုင်ငံသား ကမ္ဘာလှည့် စက်ဘီးစီးအဖွဲ့အတူ အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ပုဂံညောင်ဦးသို့ စတင်ထွက်ခွာခဲ့ကြသည်။

 

“ပုဂံ-ညောင်ဦး စက်ဘီးစီးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထိုက်က အီတလီနိုင်ငံသား ကမ္ဘာလှည့်စက်ဘီးစီးအဖွဲ့အား မိမိတို့နိုင်ငံ၏ သဘာဝအလှများကို ပြသပေးခြင်း၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၏ အမွေအနှစ်များကို ပြသခွင့်ရခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုရခြင်းတို့ကြောင့် ဝမ်းသာမိကြောင်း” ပြောသည်။

 

အီတလီနိုင်ငံသား ကမ္ဘာလှည့်စက်ဘီးစီးအဖွဲ့သည် လမ်းတစ်လျှောက်တွင် ရှေးဟောင်းယဉ်ကျေးမှုများ လေ့လာခြင်း၊ သဘာဝအလှများ လေ့လာကြည့်ရှု မှတ်တမ်းတင်ခြင်းနှင့် သနပ်ခါး စိုက်ပျိုးခြံတို့ကိုလည်း ဝင်ရောက်လေ့လာမှု ပြုလုပ်ခဲ့သည်။

 

အဆိုပါ အီတလီနိုင်ငံသား ကမ္ဘာလှည့်စက်ဘီးစီးအဖွဲ့ကို အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးဖြိုးအောင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်ကျန်းမာရေးမှူး ဦးမြင့်သူနှင့် ကြက်ခြေနီအဖွဲ့များ၊ အဖြူရောင်လက်များ ပရဟိတအသင်း၊ မြင်းခြံစက်ဘီးချစ်သူများအဖွဲ့မှ နာယက ဦးမြမောင် ဦးဆောင်သော စက်ဘီးစီးအဖွဲ့တို့မှ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ဇော်မင်းနိုင်(မြင်းခြံ)