အီတလီနိုင်ငံသား ကမ္ဘာလှည့်စက်ဘီးစီးအဖွဲ့ ကလောမြို့သို့ ရောက်ရှိ

ကလော  ၂၆  ဇန်နဝါရီ  

 

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့သို့  အီတလီနိုင်ငံ Veneto ဒေသ Porto Viro ခရီးသည် လေးဦးပါ စက်ဘီးစီးအဖွဲ့နှင့်  ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားရေးမှူး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် ၁၁ နာရီခွဲ အချိန်က ကလောမြို့ဝင် ဆိုင်းဘုတ်သို့မော်တော်ယဉ်ဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

 

အဆိုပါ စက်ဘီးစီးအဖွဲ့အား ကလောမြို့ ဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ  ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စက်ဘီးစီး ဝါသနာရှင်များအဖွဲ့မှ ကြိုဆိုခဲ့ကြပြီး ကလောရောက်အမှတ်တရ အင်္ကျီများလက်ဆောင်ပေး၍ ကလောမြို့ဝင်ဆိုင်းဘုတ်၌ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။

 

ထို့နောက် ကလောမြို့တွင်းသို့ စက်ဘီးစီးဝင်ရောက်လာပြီး ကလောနာရီစင်၌ အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ခြင်း၊ ကလောဘူတာတို့တွင် လည်ပတ်ကြည့်ရှု အမှတ်တရ ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်ကြပြီး အရှေ့မြို့ပတ်လမ်းတို့တွင် စက်ဘီးစီးနှင်းပြီး Kalaw Heritage Hotel  သို့ဝင်ရောက် လေ့လာခဲ့ပြီး မွန်းလွဲ ၁ နာရီအချိန် Green Heaven ဟိုတယ်သို့ရောက်ရှိကာ နေ့လယ်စာ သုံးဆောင်ခဲ့သည်။

 

ယင်းနောက် အဆိုပါအဖွဲ့သည် ညအိပ်တည်းခိုရာ  GOLDEN LILY တွင် ခေတ္တအနားယူပြီး ညနေ ၃ နာရီခွဲအချိန်တွင် ကလောမြို့ အထင်ကရနေရာများဖြစ်သည့်  သမိုင်းဝင် နီးဘုရား နှင့်  VIEW POINT သို့ မော်တော်ယာဉ်ဖြင့် သွားရောက်လေ့လာလည်ပတ်ခဲ့ကြပြီး ညနေ ၆ နာရီ ၁၅ မိနစ်အချိန် ညအိပ်တည်းခိုရာ GOLDEN LILY သို့ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

 

ကျော်ဝင်း(ပြန်/ဆက်)