အီရတ်တွင် ပစ်ခတ်မှုဖြစ်ပွားသဖြင့် တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရ

၁၆ ဒီဇင်ဘာ

အီရတ်နိုင်ငံ အလယ်ပိုင်းတွင် အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် အီရတ်အရပ်ဘက်လူ့အဖွဲ့အစည်း တက်ကြွလှုပ်ရှားသူတစ်ဦး သေဆုံးခဲ့ပြီး အခြားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ဘဂ္ဂဒက်မြို့တော်အရှေ့မြောက်ဘက် အယ်လ်ရှာအပ်ဘ် ဝန်းကျင်တွင် ကားမောင်းနေစဉ် အရပ်ဘက်လူ့အဖွဲ့အစည်း တက်ကြွလှုပ်ရှားသူ ဟာကွီအစ်မယ်လ်ကို ဆိုင်ကယ်ပေါ်မှ သေနတ်သမားများက ပစ္စတိုသေနတ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်း အမည်မဖော်လိုသူတာဝန်ရှိသူက သတင်းထောက်များကို ပြောကြားခဲ့သည်။

ဘဂ္ဂဒက်မြို့တောင်ဘက် ၁၈၀ ကီလိုမီတာအကွာ ဒီဝါနီရာရှ်မြို့တွင် အရပ်ဘက် လူ့အဖွဲ့အစည်းတက်ကြွလှုပ်ရှားသူ Thaer Karim al-Tayb ၏ကားကိုတွဲချည်တပ်ဆင်ထားသည့် ဗုံးတစ်လုံးပြင်းထန်စွာပေါက်ကွဲခဲ့သဖြင့် Thaer Karim al-Tayb ဒဏ်ရာရရှိခဲ့သည်ဟု ထိုတာဝန်ရှိသူက ပြောကြားခဲ့သည်။

အီရတ်နိုင်ငံတွင် ပြီးခဲ့သည့် နှစ်လကျော်က စတင်ကာ အစိုးရဆန့်ကျင်သည့်ဆန္ဒပြပွဲများတွင် ပါဝင်နေကြသည့် အထူးသဖြင့် အရပ်ဘက်လူ့အဖွဲ့အစည်း တက်ကြွလှုပ်ရှားသူများအကြား ချောင်းမြောင်းသတ်ဖြတ်ခြင်းနှင့် ပြန်ပေးဆွဲခြင်းများ သည် မကြာသေးမီက ပိုမိုများပြားလာခဲ့သည်။

အီရတ်နိုင်ငံဆိုင်ရာလွတ်လပ်သော လူ့အခွင့်အရေးအဆင့်မြင့်ကော်မရှင်က မြို့တော်ဘဂ္ဂဒက်နှင့် အခြားမြို့များတွင် အရပ်ဘက်လူ့အဖွဲ့အစည်း တက်ကြွလှုပ်ရှားသူများကို ချောင်းမြောင်းသတ်ဖြတ်မှုများ ပိုမိုများပြားလာမှုအပေါ် သတိပေးချက် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ကော်မရှင်က ရာဇဝတ်သားများကို ဖမ်းဆီးပြီး တရားစီရင်ရေး၊ လက်နက်မဲ့နိုင်ငံသားများကို ပစ်မှတ်ထား သတ်ဖြတ်မှု အဆုံးသတ်ရေး ကြိုးပမ်းဆောင်ရွက်ရန် လုံခြုံရေးအဖွဲ့အစည်းများလိုအပ်ကြောင်း အလေးထားပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို