အီရန်ဘောလုံးအသင်းမှ ကစားသမား ၁၂ ဦး ကိုဗစ်- ၁၉ ကူးစက်ခံရ

တီဟီရန်   ၆  ဇူလိုင်

အီရန်ဘောလုံးအသင်းနှစ်သင်းဖြစ်သည့် Esteghal နှင့် Foolad ကလပ်အသင်းတို့မှ ကစားသမား ၁၂ ဦးတို့ ကိုဗစ်- ၁၉ ကူးစက်ခံထားရကြောင်း အီရန်နိုင်ငံပိုင် တပ်စနင်သတင်းအေဂျင်စီက ယမန်နေ့က ဖော်ပြသည်။

တပ်စနင်သတင်းဖော်ပြချက်အရ Esteghal အသင်းမှ ကစားသမားခြောက်ဦးတို့တွင် ကိုဗစ်- ၁၉ စစ်ဆေးတွေ့ ရှိခဲ့ကြောင်း သိရသည်။ ဘူရှီဟာ၌ ပါးစ် ဂျိုနူဘီနှင့် ယှဉ်ပြိုင်ကစားရမည့် ပွဲစဉ်မတိုင်မီ တစ်ရက်အလိုဇူလိုင် ၄ ရက်တွင် Esteghal အသင်း၏ လေ့ကျင့်မှုကို ရပ်နားခဲ့သည်။ အဆိုပါကလပ်အသင်း၏ ဆရာဝန် ကာဗက် ဆိုတိုဒက်က  Esteghal အသင်း၏ ကျန်ကစားသမားအများအပြားတို့တွင်လည်း ကိုဗစ်- ၁၉ ဗိုင်းရပ်စ်ရှိနေသည်ဟု သံသယရှိကြောင်းနှင့် စစ်ဆေးမှုရလဒ်များကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီရန် ကျန်းမာရေးအာဏာပိုင်များ၏ စည်းကမ်းသစ်များအရ အသင်းတစ်သင်းမှ ကစားသမားငါးဦးတို့တွင် ဗိုင်းရပ်စ်ကူးစက်ခံထားရလျှင် အဆိုပါအသင်း၏ ပွဲစဉ်များကို ပယ်ဖျက်မည်ဖြစ်ကြောင်း သိရသည်။

ဆင်ဟွာ