AFC နှင့် အဖွဲ့ဝင်နိုင်ငံများ ဆွေးနွေးပြီး AFC Cup ပြိုင်ပွဲ လက်ကျန်ပွဲများကို စက်တင်ဘာတွင် ကျင်းပရန်လျာထား

၅ ဇွန်

 

အာရှဘောလုံးအဖွဲ့ချုပ်သည် ရပ်နားထားသည့် ၂၀၂၀ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စုလက်ကျန်ပွဲများအတွက် သက်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် စက်တင်ဘာတွင် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

 

အာရှဘောလုံးအဖွဲ့ချုပ်သည် ဇုန်အလိုက် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ကလပ်အသင်းများ၏ သက်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိပြီး ဇွန် ၅ ရက်နံနက်ပိုင်းတွင် အာဆီယံဇုန်၌ ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ၊ စင်ကာပူ၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် လာအိုဘောလုံးအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့သည်။ 

 

အာရှဘောလုံးအဖွဲ့ချုပ် ပြိုင်ပွဲကျင်းပရေးမှ တာဝန်ရှိသူများသည် Video Conferencing ဖြင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်တို့ တက်ရောက်ဆွေးနွေးခဲ့သည်။ ယင်းသို့တွေ့ဆုံရာတွင် နိုင်ငံအလိုက် လိဂ်ပြိုင်ပွဲပြန်လည်ကျင်းပရန် စီစဉ်ထားသည့်အခြေအနေများ၊ AFC Cup ပြိုင်ပွဲ အုပ်စုလက်ကျန်ပွဲများ ကစားနိုင်မည့်အနေအထားတို့နှင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် အဖွဲ့ဝင်နိုင်ငံများ၏ ဆွေးနွေးမှုအပေါ် မူတည်၍ လက်ကျန်ပွဲများကျင်းပမည့်ရက်ကို အတည်ပြုသွားမည်ဖြစ်သည်။

 

အာရှဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲကို စက်တင်ဘာတွင် ပြန်လည်ကျင်းပရန် စီစဉ်ထားပြီး ပြန်လည်ရေးဆွဲထားသည့် ပွဲစဉ်များကို ယခုလအတွင်း ထုတ်ပြန်ရန် စီစဉ်ထားသည်။ AFC Cup ပြိုင်ပွဲအုပ်စုပွဲအားလုံးကို ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် မတ်လလယ်ကတည်းက ရပ်နားထားခြင်းဖြစ်ပြီး အချို့အုပ်စုများကို ဖေဖော်ဝါရီကတည်းက ရပ်နားထားခြင်းဖြစ်သည်။ အုပ်စုများအနက် အာဆီယံဇုန်အုပ်စုသုံးခုသာ ပထမအကျော့အပြီးတွင် ရပ်နားခဲ့ခြင်းဖြစ်ပြီး အုပ်စုအများစုမှာ ပထမအကျော့ကာလတွင် ရပ်နားခဲ့ခြင်းဖြစ်ကာ အုပ်စု (I) မှာမူ တစ်ပွဲမျှပင် ကျင်းပရခြင်းမရှိသေးကြောင်း သိရသည်။

 

ယင်းပြိုင်ပွဲတွင် မြန်မာကလပ်အသင်းများဖြစ်သည့် ရန်ကုန်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။  ရန်ကုန်အသင်းက အုပ်စု (F) တွင် ဟိုချီမင်းစီးတီး (ဗီယက်နမ်)၊ ဟောင်အန်ယူနိုက်တက် (စင်ကာပူ)၊ လာအိုတိုယိုတာ (လာအို)၊ ရှမ်းယူနိုက်တက်အသင်းက အုပ်စု (H) တွင် တမ်ပနိစ်ရိုဗာ (စင်ကာပူ)၊ ကာယာ (ဖိလစ်ပိုင်)၊ မာကာဆာ (အင်ဒိုနီးရှား) တို့နှင့် ကျရောက်နေသည်။ 

 

ရန်ကုန်အသင်းသည် သုံးပွဲကစားခုနစ်မှတ်ဖြင့် နောက်တစ်ဆင့်တက်ရန် အခွင့်အရေးကောင်းနေပြီး ဟိုချီမင်းစီးတီးအသင်းနှင့် နှစ်ဂိုးစီသရေကျကာ၊ လာအိုတိုယိုတာအသင်းကို သုံးဂိုး-နှစ်ဂိုး၊ ဟောင်အန်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရထားကာ သုံးပွဲစလုံးကို အိမ်ကွင်းကစားရခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းမှာမူ သုံးပွဲကစား သုံးပွဲရှုံးထားပြီး ကာယာအသင်းကို အိမ်ကွင်း၌ နှစ်ဂိုး-ဂိုးမရှိ၊ မာကာဆာအသင်းကို အဝေးကွင်း၌ သုံးဂိုး-တစ်ဂိုး၊ တမ်ပနိစ်ရိုဗာကို အဝေးကွင်း၌ နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ထားသည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်