AFC Cup ပြိုင်ပွဲ အုပ်စုလက်ကျန်ပွဲအတွက် ရန်ကုန်အသင်း ပြင်ဆင်

ရန်ကုန်   ၆  ဩဂုတ်

မြန်မာကလပ် ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၀ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စုလက်ကျန် ပွဲများအတွက် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။

 

ရန်ကုန်ယူနိုက်တက်အသင်းသည် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း ပြင်ဆင်နေခြင်း ဖြစ်ပြီး ပြည်တွင်းဘောလုံးပြိုင်ပွဲများ ကျင်းပခွင့်မရသေးသော်လည်း စက်တင်ဘာတွင် AFC Cup ပြိုင်ပွဲ ယှဉ်ပြိုင်ရန်ရှိသောကြောင့် လေ့ကျင့်ပြင်ဆင်နေခြင်း ဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် AFC Cup ပြိုင်ပွဲတွင် အုပ်စု (F) ၌ ပါဝင်နေပြီး ဒုတိယအကျော့ပွဲစဉ်များကို ဗီယက်နမ်နိုင်ငံ၌ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ရန်ကုန်အသင်းသည် အာဆီယံဇုန် ဆီမီးဖိုင်နယ်တက်ရောက်ခွင့်ရရန် အခြေအနေကောင်းနေပြီး လက်ကျန်ပွဲများမှာ အရေးပါလျက်ရှိသည်။ ရန်ကုန်အသင်းသည် ပထမအကျော့အပြီးတွင် ဟိုချီမင်းစီးတီးအသင်းနှင့်အတူ ခုနစ်မှတ်ရထားပြီး ဒုတိယအကျော့ပွဲများအဖြစ် စက်တင်ဘာ ၂၃ ရက် တွင် စင်ကာပူကလပ် ဟောင်အန်အသင်း၊ စက်တင်ဘာ ၂၆ ရက်တွင် ဗီယက်နမ်ကလပ် ဟိုချီမင်းစီးတီး အသင်း၊ စက်တင်ဘာ ၂၉ ရက်တွင် လာအိုကလပ် လာအိုတိုယိုတာအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ပထမအကျော့သုံးပွဲစလုံးကို အိမ်ကွင်းလက်ခံကစားခဲ့ပြီးဟိုချီမင်းစီးတီးအသင်းနှင့် နှစ်ဂိုးစီသရေကျကာ ဟောင်အန်ယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ လာအိုတိုယိုတာအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

 

ပြိုင်ပွဲကျင်းပသည့်ပုံစံအရ အာဆီယံဇုန်အုပ်စုသုံးခုတွင် ထိပ်ဆုံးတစ်သင်းစီနှင့် အကောင်းဆုံးအုပ်စု ဒုတိယနေရာရ တစ်သင်းမှာ ဇုန်ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။

ညီမြတ်သော်တာ