AFC Cup ပြိုင်ပွဲ အုပ်စုအဆင့်တွင် ရှမ်းယူနိုက်တက်အသင်း ယှဉ်ပြိုင်ခွင့်ရမည်

ရန်ကုန် ၁၈ ဇန်နဝါရီ

 

မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၀ အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွင် ခြေစစ်ပွဲ မအောင်မြင်ခဲ့သောကြောင့် AFC Cup ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

 

အာရှဘောလုံးအဖွဲ့ချုပ်၏ သတ်မှတ်ချက်အရ အာဆီယံဒေသတွင်းမှ ထိုင်းနှင့် မလေးရှား ကလပ်တစ်သင်းစီသာ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရပြီး ကျန်နိုင်ငံများမှ ကလပ်အသင်းများမှာ အကြိုခြေစစ်ပွဲများမှ စတင်ကစားရခြင်းဖြစ်သည်။ အမှတ်ပေးချန်ပီယံအသင်းများကို AFC Cup ပြိုင်ပွဲ အုပ်စုအဆင့်မှ ပြန်လည်ယှဉ်ပြိုင်ခွင့်ပြုထားပြီး ရှမ်းယူနိုက်တက်အသင်းသည် အုပ်စု (H) ၌ ပါဝင်နေသည်။

 

ရှမ်းယူနိုက်တက်အသင်းသည် တမ်ပနိစ်ရိုဗာ (စင်ကာပူ)၊ ကာယာ (ဖိလစ်ပိုင်)၊ ခြေစစ်ပွဲအောင်အသင်းတို့နှင့် ကျရောက်နေပြီး တီမောကလပ် လာလီနော့ခ်ယူနိုက်တက် (တီမော)၊ မာကာဆာ (အင်ဒိုနီးရှား) တို့ပွဲမှ အနိုင်ရသည့်အသင်းမှာ ကျရောက်လာမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် AFC Cup ပြိုင်ပွဲတွင် သုံးကြိမ်ဆက် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ၂၀၁၈ နှင့် ၂၀၁၉ ရာသီတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည့် အစဉ်အလာဆိုးများကို ရပ်တန့်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။

 

ရှမ်းယူနိုက်တက်အသင်းသည် အိမ်ကွင်းအဖြစ် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းကိုသာ အသုံးပြုမည်ဖြစ်ပြီး အဖွင့်ပွဲအဖြစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဖိလစ်ပိုင်ကလပ် ကာယာအသင်းနှင့် အိမ်ကွင်း စတင်ကစားရမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် အုပ်စုပွဲများအဖြစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် ခြေစစ်ပွဲအောင်အသင်းနှင့် အဝေးကွင်း၊ မတ် ၁၀ ရက်တွင် စင်ကာပူကလပ် တမ်ပနိစ်ရိုဗာအသင်းနှင့် အဝေးကွင်း၊ ဧပြီ ၁၅ ရက်တွင် စင်ကာပူကလပ် တမ်ပနိစ်ရိုဗာအသင်းနှင့် အိမ်ကွင်း၊ ဧပြီ ၂၈ ရက်တွင် ဖိလစ်ပိုင်ကလပ် ကာယာအသင်းနှင့် အဝေးကွင်း၊ မေ ၁၂ ရက်တွင် ခြေစစ်ပွဲအောင်အသင်းနှင့် အိမ်ကွင်းပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

ရှမ်းယူနိုက်တက်အသင်းသည် ဇန်နဝါရီ ၁၄ ရက်က ကစားသည့် ၂၀၂၀ အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲပထမအဆင့်တွင် ဖိလစ်ပိုင်ကလပ် ဆီရက်စ်အသင်းကို အဝေးကွင်း၌ သုံးဂိုး-နှစ်ဂိုးဖြင့် အရေးနိမ့်ပြီး နောက်တစ်ဆင့်တက်ရောက်ခွင့် ဆုံးရှုံးခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်