AFC Cup ပြိုင်ပွဲ အာဆီယံဇုန် အုပ်စုလက်ကျန်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် မြန်မာကလပ်အသင်းများ ဆန္ဒရှိနေ

ရန်ကုန်  ၁၁  ဇူလိုင်

 

မြန်မာကလပ်အသင်းများဖြစ်သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့သည်  ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားထားသည့် ၂၀၂၀ ရာသီ AFC Cup ပြိုင်ပွဲ အာဆီယံဇုန် အုပ်စုလက်ကျန်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် ဆန္ဒရှိနေကြောင်း သိရသည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် AFC Cup ပြိုင်ပွဲ အုပ်စုပွဲများကို အိမ်ကွင်း၊ အဝေးကွင်းပုံစံဖြင့် ကျင်းပလျက်ရှိသော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် ပြိုင်ပွဲကျင်းပသည့်ပုံစံပြောင်းလဲကာ ပြိုင်ပွဲဝင်အသင်းများ ခရီးသွားလာမှုနည်းပါးစေရန် အုပ်စုတစ်ခုကို အိမ်ရှင်တစ်နိုင်ငံ ရွေးချယ်၍ ကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။ ထို့ကြောင့် အာရှဘောလုံးအဖွဲ့ချုပ်သည် အာဆီယံဇုန်တွင် ပါဝင်သည့် နိုင်ငံခုနစ်နိုင်ငံမှ ကလပ်အသင်းများ၏ ဆန္ဒသဘောထားကို မေးမြန်းထားခြင်းဖြစ်ပြီး ယခုနှစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားသည့် မြန်မာကလပ်အသင်းများဖြစ်သည့် ရန်ကုန်နှင့် ရှမ်းယူနိုက်တက်တို့ နှစ်သင်းစလုံး အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် ဆန္ဒရှိနေခြင်းဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် အိမ်ရှင်နိုင်ငံ အဆိုပြုမှုကို ဇူလိုင် ၁၀ ရက် နောက်ဆုံးထား သတ်မှတ်ထားသော်လည်း မြန်မာနိုင်ငံတွင် ဘောလုံးပြိုင်ပွဲများ ကျင်းပခွင့်ရရန် ခွင့်ပြုချက်မရသေးသောကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ရက်ထပ်တိုးပေးရန် အာရှဘောလုံးအဖွဲ့ချုပ်ထံ တင်ပြထားကြောင်း သိရသည်။

 AFC Cup ပြိုင်ပွဲ အာဆီယံဇုန်တွင် အုပ်စုသုံးခုပါဝင်ပြီး ရန်ကုန်အသင်းသည် ပထမအကျော့တွင် ဗီယက်နမ်ကလပ် ဟိုချီမင်းစီးတီးအသင်း၏ တောင်းဆိုမှုကြောင့် အိမ်ကွင်းပြောင်းလဲကစားပေးခဲ့ရ၍ ပထမအကျော့သုံးပွဲစလုံး အိမ်ကွင်းကစားခဲ့ရပြီး ဒုတိယအကျော့ကိုလည်း အိမ်ရှင်လက်ခံကျင်းပခွင့်ရပါက အုပ်စုခြောက်ပွဲစလုံးကို အိမ်ကွင်း၌ ကစားခွင့်ရမည်ဖြစ်သည်။ ရှမ်းယူနိုက်တက် အသင်းမှာမူ ပထမအကျော့တွင် အဝေးကွင်းနှစ်ပွဲ ကစားခဲ့ရပြီး ဒုတိယအကျော့ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

အာဆီယံဇုန် အုပ်စုလက်ကျန်ပွဲများကို စက်တင်ဘာ ၂၃၊ ၂၆၊ ၂၉ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာကလပ်အသင်းများသည် အိမ်ရှင်လက်ခံကျင်းပခွင့်မရပါက ပြည်ပနိုင်ငံများသို့ သွားရောက်ကစားရမည်ဖြစ်သည်။ ရန်ကုန်အသင်းသည် အုပ်စု (F) တွင် ဟိုချီမင်းစီးတီး (ဗီယက်နမ်)၊ ဟောင်အန်ယူနိုက်တက် (စင်ကာပူ)၊ လာအိုတိုယိုတာ (လာအို)၊ ရှမ်းယူနိုက်တက်အသင်းသည် အုပ်စု (H) တွင် တမ်ပနိစ်ရိုဗာ (စင်ကာပူ)၊ ကာယာ (ဖိလစ်ပိုင်)၊ မာကာဆာ (အင်ဒိုနီးရှား) တို့နှင့်အတူ ပါဝင် နေသည်။ အုပ်စု (F) တွင် ဟိုချီမင်းစီးတီးနှင့် ရန်ကုန်အသင်းတို့က ခုနစ်မှတ်စီ၊ ဟောင်အန်အသင်းက သုံးမှတ်ရထားပြီး လာအိုတိုယိုတာအသင်းက အမှတ်မရသေးပေ။ အုပ်စု (H) တွင် တမ်ပနိစ်ရိုဗာ အသင်းက ခုနစ်မှတ်၊ ကာယာအသင်းက ငါးမှတ်၊ မာကာဆာအသင်းက လေးမှတ်ရထားပြီး ရှမ်းယူနိုက်တက်အသင်းမှာမူ အမှတ်မရသေးပေ။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်