AFC Cup ပြိုင်ပွဲ အာဆီယံဇုန် အုပ်စုလက်ကျန်ပွဲများအတွက် အိမ်ရှင်နိုင်ငံ ရွေးချယ်နေ

ဇူလိုင် ၅

အာရှဘောလုံးအဖွဲ့ချုပ်သည် ကိုဗစ်-၁၉ ရောဂါကြောင့် ရွှေ့ဆိုင်းထားရသည့် ၂၀၂၀ ရာသီ AFC Cup ပြိုင်ပွဲ အာဆီယံဇုန် အုပ်စုလက်ကျန်ပွဲများအတွက် အိမ်ရှင်နိုင်ငံ ရွေးချယ်နေပြီး မြန်မာကလပ်များ၏ ဆန္ဒသဘောထားအား မေးမြန်းထားသည်။

AFC Cup ပြိုင်ပွဲ အာဆီယံဇုန်တွင် အုပ်စုသုံးခုပါဝင်ပြီး မြန်မာအပါအဝင် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ လာအို၊ စင်ကာပူ ကလပ်အသင်းများကို သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်များမှတစ်ဆင့် မေးမြန်းထားခြင်းဖြစ်သည်။ အိမ်ရှင်အဖြစ် လက်ခံကျင်းပလိုသည့် ကလပ်အသင်းများအနေဖြင့် ဇူလိုင် ၁၀ ရက် နောက်ဆုံးထား၍ အကြောင်းပြန်ရမည်ဖြစ်ပြီး ဇူလိုင်စတုတ္ထပတ်တွင် အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်မည်ဖြစ်သည်။ AFC Cup အုပ်စုပွဲများကို အိမ်ကွင်း၊ အဝေးကွင်းပုံစံဖြင့် ကျင်းပလျက်ရှိသော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် ပြိုင်ပွဲပုံစံပြောင်းလဲကာ အာဆီယံဇုန် အုပ်စုသုံးခုကို အုပ်စုတစ်ခုချင်းစီ အိမ်ရှင်နိုင်ငံများ ရွေးချယ်ကာ ကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။ ရန်ကုန်အသင်းသည် ပထမအကျော့ သုံးပွဲစလုံးကိုလည်း အိမ်ကွင်း၌ ကစားခဲ့ရပြီး ဒုတိယအကျော့ပွဲများကိုသာ လက်ခံကျင်းပရန် လျှောက်ထားပြီး ကျင်းပခွင့်ရပါက နောက်တစ်ဆင့် တက်ရောက်ရန် အခွင့်အရေး ပိုသာသွားမည်ဖြစ်သည်။ အာဆီယံဇုန် အုပ်စုလက်ကျန်ပွဲများကို စက်တင်ဘာ ၂၃၊ ၂၆၊ ၂၉ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ဇုန်ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကို အောက်တိုဘာတွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။

ယခုရာသီ AFC Cup ပြိုင်ပွဲတွင် မြန်မာကလပ်အသင်းများဖြစ်သည့် ရန်ကုန်နှင့် ရှမ်းယူနိုက်တက် အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်နေပြီး ရန်ကုန်အသင်းက အုပ်စု (F) တွင် ဟိုချီမင်းစီးတီး (ဗီယက်နမ်)၊ ဟောင်အန်ယူနိုက်တက် (စင်ကာပူ)၊ လာအိုတိုယိုတာ (လာအို)၊ ရှမ်းယူနိုက်တက် အသင်းက အုပ်စု (H) တွင် တမ်ပနိစ်ရိုဗာ (စင်ကာပူ)၊ ကာယာ (ဖိလစ်ပိုင်)၊ မာကာဆာ (အင်ဒိုနီးရှား) တို့နှင့် ကျရောက်နေသည်။ ရန်ကုန်အသင်းသည် သုံးပွဲကစား ခုနစ်မှတ်ရထားပြီး ရှမ်းယူနိုက်တက်အသင်းက သုံးပွဲစလုံးရှုံးနိမ့်ကာ အမှတ်မရသေးပေ။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်