AFC Cup အုပ်စုလက်ကျန်ပွဲများ ကျင်းပနိုင်ရန် အာရှဘောလုံးအဖွဲ့ချုပ် ဆွေးနွေးမည်

၃ ဇွန်

 

အာရှဘောလုံးအဖွဲ့ချုပ်သည် ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားထားသည့် ၂၀၂၀ ရာသီ AFC Cup ပြိုင်ပွဲ လက်ကျန်ပွဲများ ပြန်လည်ကျင်းပနိုင်ရန် ယင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် နိုင်ငံများမှ ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။ ယင်းတွေ့ဆုံပွဲကို ဇွန် ၅ ရက် နံနက်ပိုင်းတွင် Video Conferencing ဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။

 

အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၀ AFC Cup ပြိုင်ပွဲကို ဇုန်အလိုက်ခွဲ၍ ကျင်းပလျက်ရှိပြီး အာဆီယံဇုန်အုပ်စုသုံးခုသာ ပထမအကျော့ကျင်းပရသေးပြီး ကျန်အုပ်စုအများစုမှာ ပထမကျော့ကာလအတွင်း ရပ်နားထားရသလို အုပ်စုတစ်ခုမှာမူ ကျင်းပရခြင်းမရှိသေးကြောင်း သိရသည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် မတ်လလယ်မှ ဧပြီလကုန်အထိ စတင်ရပ်နားခဲ့ပြီး ရောဂါအခြေအနေသက်သာခြင်း မရှိသောကြောင့် ဇွန်လကုန်အထိ ထပ်မံတိုးမြင့်ထားခြင်းဖြစ်သည်။ သို့သော် အာရှနိုင်ငံများတွင် နိုင်ငံအနည်းငယ်သာ ဒေသတွင်းလိဂ်ပြိုင်ပွဲများ ပြန်လည်ကျင်းပလျက်ရှိသော်လည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံသွားလာနိုင်ခြင်း မရှိသေးခြင်း၊ ပြည်ဝင်ခွင့်များ ကန့်သတ်ထားခြင်းကြောင့် အာရှဘောလုံးအဖွဲ့ချုပ်အနေဖြင့် ပြိုင်ပွဲကျင်းပရန် သက်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်များနှင့် ပြန်လည်ညိနှိုင်းနေခြင်းဖြစ်သည်။ ယခုတွေ့ဆုံပွဲတွင် လက်ရှိနိုင်ငံတွင်းအခြေအနေ၊ လက်ကျန်ပွဲများကျင်းပနိုင်ခြင်း ရှိ၊ မရှိ၊ ပြိုင်ပွဲဝင်အသင်းများ၏ အနေအထားများနှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် သက်ဆိုင်ရာနိုင်ငံများ၏ ဆွေးနွေးမှုအပေါ်မူတည်၍ ပြိုင်ပွဲကျင်းပခြင်း ရှိ၊ မရှိ ပြန်လည်ဆုံးဖြတ်မည်ဖြစ်သည်။

 

ယခုနှစ် AFC cup ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်နေပြီး ရန်ကုန်အသင်းက အုပ်စု (F) တွင် ဟိုချီမင်းစီးတီး (ဗီယက်နမ်)၊ ဟောင်အန်ယူနိုက်တက် (စင်ကာပူ)၊ လာအိုတိုယိုတာ (လာအို)၊ ရှမ်းယူနိုက်တက်အသင်းက အုပ်စု (H) တွင် တမ်ပနိစ်ရိုဗာ (စင်ကာပူ)၊ ကာယာ (ဖိလစ်ပိုင်)၊ မာကာဆာ (အင်ဒိုနီးရှား) တို့နှင့် ကျရောက်နေသည်။ ရန်ကုန်အသင်းသည် သုံးပွဲကစားခုနစ်မှတ်ဖြင့် နောက်တစ်ဆင့်တက်ရန် အခွင့်အရေးကောင်းနေပြီး ရှမ်းယူနိုက်တက်အသင်းမှာမူ သုံးပွဲကစား သုံးပွဲရှုံးဖြင့် ရုန်းကန်နေရသည်။ မြန်မာကလပ်အသင်းများသည် ဒုတိယအကျော့ပွဲများသာ ယှဉ်ပြိုင်ရန် ကျန်ရှိနေပြီး ရန်ကုန်အသင်းက သုံးပွဲစလုံး အဝေးကွင်းကစားရမည်ဖြစ်ကာ ရှမ်းယူနိုက်တက်အသင်းက အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်းတစ်ပွဲ ကစားရမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်