အေးအတူပူအမျှ အသိုက်အဝန်း

mdn

နေပြည်တော် ၁၉ ဇန်နဝါရီ

 

၂၀၂၀ ပြည့်နှစ်သည် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေးထူထောင်သည့် နှစ် ၇ဝ ပြည့်သောနှစ်ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ အရှေ့မြောက် ဘက်တွင်တည်ရှိပြီး နှစ်နိုင်ငံနယ်နိမိတ်ထိစပ်မှု ၁၃၄၈ မိုင် ရှိသော အိမ်နီးချင်းနိုင်ငံဖြစ်သည့်အလျောက် နှစ်နိုင်ငံကူးလူး ဆက်ဆံမှုမှာ နှစ်ပေါင်း ထောင်ချီရှည်ကြာသောသမိုင်းရှိသည်။ နယ်မြေကျယ်ဝန်းသလောက် လူဦးရေလည်းများပြားလှသည့် တရုတ်နိုင်ငံမှာ မျက်မှောက်ကာလစီးပွားရေးတွင်လည်း ကမ္ဘာ့ အင်အားကြီးအဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။

ယခုအခါ သမ္မတကြီး မစ္စတာ ရှီကျင့်ဖျင်၏ ဦးဆောင်မှုဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပြည်သူများ “ရာပြည့်ပန်းတိုင် နှစ်ခုရည်မှန်းချက် ” ကို အကောင်အထည်ဖော်လျက်ရှိသည်။ ယင်းရည်မှန်းချက်နှစ်ရပ်မှာ တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်မှု နှစ်(၁၀ဝ) ပြည့်မြောက်မည့် ၂၀၂၁ ခုနှစ်တွင် နိုင်ငံကို အလယ်အလတ်ချမ်းသာကြွယ်ဝသည့် လူမှုအဖွဲ့အစည်း (Moderately Prosperous Society) ဖြစ်လာစေရေး ရည်မှန်းချက်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် နှစ် (၁၀ဝ) ပြည့်မြောက်မည့် ၂၀၄၉ ခုနှစ်တွင် စီးပွားရေးဖွံ့ဖြိုး တိုးတက်ပြီး သဟဇာတမျှတသည့် ဆိုရှယ်လစ်ဆံမီနိုင်ငံတော် (Strong Harmonious and Modem Socialist Country) တည်ထောင်နိုင်ရေး ရည်မှန်းချက်တို့ပင်ဖြစ်ပြီး အဆိုပါရည်မှန်း ချက်နှစ်ရပ်လုံး ပေါက်မြောက်အောင်မြင်နိုင်မည့် အလားအလာ ကောင်းများ ပိုင်ဆိုင်ထားပြီးဖြစ်သည်ကိုလည်း တွေ့ရှိရသည်။

လက်ရှိကမ္ဘာ့အခြေအနေနှင့် စပ်လျဉ်း၍ တစ်ကိုယ်တော်ဝါဒ (Unilateralism)၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ (Protectionism) များ ခေါင်းမော့လာနေကြောင်း သမ္မတ မစ္စတာ ရှီကျင့်ဖျင်က သုံးသပ်ခဲ့ပြီး တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်တို့ ကုလသမဂ္ဂ၊ အရှေ့ အာရှပူးပေါင်းဆောင်ရွက်ရေး၊ လန်ချန်းမဲခေါင် ပူးပေါင်းဆောင်ရွက်ရေး စသည့် ဘက်ပေါင်းစုံယန္တရား မူဘောင်များတွင် ညှိနှိုင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ချက် ခံယူချက်ကို ပြန့်ပွားအောင်ဆောင်ရွက်၍ အပြန်အလှန်လေးစားသော၊ တရားမျှတ၍ မှန်ကန်သော ပူးပေါင်းဆောင်ရွက်၍ အပြန်အလှန်အကျိုးဖြစ်ထွန်းသော နိုင်ငံတကာ ဆက်ဆံရေးပုံစံသစ် တည်ဆောက်မှုကို တွန်းအားပေးကာ လူသားတို့၏ကံကြမ္မာတူ အသိုက်ဆန်းကို ကြိုးပမ်းတည်ဆောက်ရမည်ဖြစ်ကြောင်း အဆိုပြုထားသည်ကို ၎င်းကိုယ်တိုင်ရေးသားခဲ့သည့် ဆောင်းပါးတွင် တွေ့ရှိရသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ချက်ကို ချမှတ်ခဲ့ကြသည့် မူလနိုင်ငံများတွင် ပါဝင်ခဲ့ပြီး လက်တွေ့ကျင့်သုံးခဲ့ကြသလို နှစ်နိုင်ငံ ဆက်ဆံရေးတွင်လည်း ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး၊ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်သည့် မိတ်ဖက်နိုင်ငံများ ဆက်ဆံရေး စသည်ဖြင့် အဆင့်များတိုးမြှင့်နိုင်ခဲ့ကြသည်။ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြားတည်ရှိသည့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို အေးအတူ ပူအမျှအဖြစ် တိုးမြှင့်သွားရန် ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေး ခဲ့ပြီးဖြစ်သည်။

မိမိတို့သည်ခင်မင်ရင်းနှီးပြီး အပြန်အလှန်နားလည်အားထားရသည့် ဆွေမျိုးပေါက်ဖော်အဖြစ် ဆက်လက်ရပ်တည် သွားရမည် ဖြစ်ပါကြောင်း၊ အကျိုးစီးပွားကြောင့် ပေါင်းသင်းဆက်ဆံပါက အကျိုးစီးပွားမရှိသည့်အခါ ဆက်ဆံမှုပြိုကွဲသွားနိုင်ပါကြောင်း၊ စိတ်ဆန္ဒချင်းတူညီမှုနှင့် ပေါင်းသင်းဆက်ဆံပါက ကြာရှည်တည်တံ့ ခိုင်မြဲမည်ဖြစ်ပါကြောင်း၊ တရုတ်-မြန်မာ ဆက်ဆံရေး ဆက်လက်တိုးတက်ခိုင်မာရေးသည် ပြည်သူများ၏ဆန္ဒနှင့် ကိုက်ညီပြီး လိုက်လျောညီထွေဖြစ်ရမည် ဖြစ်ပါကြောင်း၊ ပြည်သူများ၏ နေထိုင်မှုဘဝအတွက် အကျိုးရှိစေရမည် ဖြစ်ပါကြောင်း” သမ္မတ မစ္စတာ ရှီကျင့်ဖျင်က ဂုဏ်ပြုညစာစားပွဲ အခမ်းအနားတွင်ပြောကြားခဲ့ရာ နှစ်နိုင်ငံအနာဂတ်ဆက်ဆံရေး အတွက် နှစ်ထောင်းအားရဖွယ်ပင်ဖြစ်ပြီး တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းကို အောင်မြင်စွာထူထောင်ကာ ရာစုနှစ်များစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ထာဝရ အမှတ်ရဖွယ်ပင်ဖြစ်ပါကြောင်း။ ။

 

မြန်မာ့အလင်း