အောင်ပန်းဒေသမှ ထွက်ရှိလာသည့် အာလူးများ ဈေးကောင်းရ ရှိနေ

မန္တလေး အောက်တိုဘာ ၁၉

 

မန္တလေးမြို့ သီရိမာလာကုန်စိမ်းလက်ကား ဈေးအတွင်းသို့ ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းဒေသမှထွက်ရှိ ဝင်ရောက်လာသည့် အာလူးများ ယခင်ရက်များထက် ဈေးကောင်းများရရှိနေကြောင်း အဆိုပါ ဈေးအတွင်းရှိ အာလူးပွဲရုံများထံမှ သိရသည်။

 

အဆိုပါ အောင်ပန်းဒေသအာလူးများသည် လက်ရှိအချိန်တွင် မန္တလေးမြို့ သီရိမာလာကုန်စိမ်းဈေးသို့ တစ်ရက်လျှင် ၆ ဘီးကားအစီး ရေ ၂၀ စီးအထိ ပုံမှန်ဝင်ရောက်လျက်ရှိပြီး၊ ဈေးနှုန်းများမှာလည်း ယခင်ရက်များထက် ဈေးကောင်း ရရှိနေကြောင်း၊ ပြီးခဲ့သည့်နှစ်ပတ်ခန့်က အာလူးဈေးမှာ တစ်ပိဿာလျှင် အမြင့်ဆုံးဈေးငွေကျပ် ၇၀၀ မှ ၁၂၀၀ ကျပ်ထိ ရရှိခဲ့သော်လည်း၊ ယခုလက်ရှိအချိန်တွင် အာလူးတစ်ပိဿာလျှင် ငွေကျပ် ၁၇၀၀ မှ ၁၈၀၀ ကျပ်ထိ ဈေးနှုန်းများ ရရှိနေကြောင်း မန္တလေးမြို့မှ အောင်ပွဲရုံပိုင်ရှင် ဦးအောင်မိုးနိုင်က ပြောသည်။

 

"လက်ရှိမှာတော့ အာလူးက အဓိကစိုက်ပျိုးတဲ့ အောင်ပန်းဒေသ ဘက်ကပဲထွက်ရှိပြီး ဝင်ရောက်လာတာပါ။ ကျန်တဲ့ ဒေသက  အာလူးတွေဈေးကွက်ကို ဝင်ရောက်ခြင်း မရှိသေးပါဘူး။ ရှမ်းပြည်တောင်ပိုင်း အောင်ပန်းဒေသကပဲ အများဆုံး ထွက်ရှိတော့တာပါ။ ဒါကြောင့် အာလူးက အဝင်နည်းသွားပါတယ်။ မနှစ်ကအာလူးဈေးက မကောင်း။ အရှုံးပေါ် တာကြောင့် တောင်သူတွေက ဒီနှစ်မှာမစိုက်ကြတော့ပါဘူး။ အာလူး  စိုက်ဧကတွေ ထက်ဝက်ခန့်ကို လျော့သွားပါတယ်။ အဲဒါကြောင့် အာလူးဈေးတွေက မြင့်တက်လာပြီး ဈေးကောင်းရရှိနေကြတာပါ။ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေမှာလည်း ဆီဈေးတွေက တက်တာလဲပါတယ်။ ဒါ့အပြင် ဒီနှစ်က ကိုဗစ်ဖြစ်တော့ ပြည်သူတွေက အထားခံတဲ့အာလူးကို ဝယ်ယူသိမ်းဆည်းထားကြပါတယ်။ အဲဒါကြောင့် ဈေးကောင်းများလည်း ရရှိနေကြပါတယ်" ဟု ၎င်းကပြောသည်။

 

အဆိုပါ အောင်ပန်းဒေသထွက် အာလူးများသည် လက်ရှိအချိန်တွင် မန္တလေးဈေးကွက်သို့ နေ့စဉ်ဝင်ရောက်လျက်ရှိနေပြီး ဈေးနှုန်းမှာလည်း ကောင်းမွန်လျက်ရှိကြောင်း၊ ယင်းအာလူးများ ဈေးကောင်း ရရှိနေခြင်းနှင့်အတူ ကျန်သည့် ကုန်သီးနှံများ ဖြစ်သည့် ဂေါ်ဖီထုတ်၊ သခွားသီး၊ ဘိုစားပဲနှင့် ပန်းမုံလာတို့ကိုလည်း ဈေးကောင်းများဖြင့် ရောင်းချနေရကြောင်း၊ လက်ရှိအချိန်တွင် အဆိုပါ ဈေးသို့ ကုန်မျိုးစုံဝင်ရောက်နေသည့် ကားအစီးရေသည်နေ့စဉ် အစီး ၅၀ မှ အစီး ၇၀ အထိ ပုံမှန်ဝင်ရောက်လျက်ရှိနေကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)