အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို ဧပြီ ၁၀ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ထိုးသတ်ရမည်

၂၀ ဖေဖော်ဝါရီ

 

မြန်မာ MMA ကစားသမား အောင်လအန်ဆန်၏ ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို ဧပြီ ၁၀ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။ အောင်လအန်ဆန်နှင့် ထိုးသတ်ရမည့်ပြိုင်ဘက် အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး ပြိုင်ဘက်ဟောင်း ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ကြောင်း ONE Championship က ထုတ်ပြန်ခဲ့သည်။

 

ONE Championship သည် ယခင်က စိန်ခေါ်ပွဲတွင် အနိုင်ရရှိသည့် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါကို မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံစိန်ခေါ်ခွင့်ပေးရန် စီစဉ်ခဲ့သော်လည်း ဒဏ်ရာပြဿနာကြောင့် ချန်ပီယံဟောင်းဖြစ်သူ ဗစ်တာလီဘစ်ဒက်ရှ်ကို စိန်ခေါ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ဘစ်ဒက်ရှ်ကို အနိုင်ယူပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်လာသူဖြစ်ပြီး ပြိုင်ဘက်ဟောင်းနှင့် တစ်ကျော့ပြန်တွေ့ဆုံခြင်းဖြစ်သည်။

 

အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်သည် သုံးကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပြီး တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားသည်။ အောင်လအန်ဆန်သည် ၂၀၁၇ ခုနှစ် ဇန်နဝါရီက အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့်ပွဲတွင် ဘစ်ဒက်ရှ်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို စိန်ခေါ်ခွင့်ရခဲ့ပြီး ယင်းပွဲအတွက် ကြိုတင်ပြင်ဆင်ချိန်မရဘဲ ယခင်စီစဉ်ထားသူ နုတ်ထွက်သွား၍ အစားထိုးယှဉ်ပြိုင်ရပြီး ပြင်ဆင်ချိန်နည်းခဲ့သောကြောင့် အမှတ်ဖြင့် အရေးနိမ့်ခဲ့ရသည်။ သို့သော် ယင်းပွဲတွင် အမှတ်ဖြင့် အရေးနိမ့်ပါက ခြောက်လအကြာတွင် ပြန်လည်စိန်ခေါ်ခွင့်ရှိကြောင်း သဘောတူညီမှုရရှိထားရာ အောင်လအန်ဆန်သည် ၂၀၁၇ ခုနှစ် ဇွန်လတွင် ဘစ်ဒက်ရှ်ကို ရန်ကုန်မြို့၌ ပြန်လည်စိန်ခေါ်ခဲ့ရာ အမှတ်ဖြင့်အနိုင်ယူပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ပထမဆုံးရယူနိုင်ခဲ့သည်။ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုရရှိထားပြီး နှစ်နှစ်ကျော်ကာလအတွင်း ချန်ပီယံကာကွယ်ပွဲ သုံးပွဲထိုးသတ်ထားပြီး ယခုပွဲမှာ လေးပွဲမြောက်ထိုးသတ်ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ချန်ပီယံကာကွယ်ပွဲအဖြစ် ဂျပန်နိုင်ငံသား ဟဆဲဂါဝါနှင့်နှစ်ပွဲ၊ လက်ဘနွန်နိုင်ငံသား ကရာကီနှင့်တစ်ပွဲ ထိုးသတ်ခဲ့ရာ သုံးပွဲစလုံး ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့သည်။

 

အောင်လအန်ဆန်သည် ၂၀၂၀ ပြည့်နှစ်တွင် ပထမဆုံးပွဲအဖြစ် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲ ထိုးသတ်ရခြင်းဖြစ်ပြီး နောက်ဆုံးပွဲအဖြစ် ၂၀၁၉ ခုနှစ် အောက်တိုဘာလက လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲအဖြစ် ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန်ဗီရာနှင့် ထိုးသတ်ခဲ့ရာ ဒုတိယအချီတွင် အနိုင်ရရှိခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်