အောင်လအန်ဆန်၏ ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ ထိုးသတ်မည့်ရက် ပြန်လည်ထုတ်ပြန်မည်

၁၇  ဇွန်

 

ONE Championship သည် မြန်မာ MMA ကစားသမား အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ ထိုးသတ်မည့်ရက်ကို ပြန်လည်ထုတ်ပြန်မည်ဖြစ်သည်။

 

ONE ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်သည် ယခုနှစ်အတွင်း ပထမဆုံးပွဲအဖြစ် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရမည်ဖြစ်ပြီး ဧပြီ ၁၀ ရက်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် နှစ်ကြိမ်တိုင် ရွှေ့ဆိုင်းထားရသည်။ အောင်လအန်ဆန်သည် ပြိုင်ဘက်ဟောင်း ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်နှင့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရမည်ဖြစ်ပြီး ယခင်က ဧပြီ ၁၀ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပရန် စီစဉ်ထားသော်လည်း မေလကုန်သို့ ရွှေ့ဆိုင်းခဲ့ရသလို ရောဂါအခြေအနေမှာ ထိန်းချုပ်နိုင်ခြင်း မရှိသေးသောေကြာင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။  အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲအဖြစ် လေးပွဲမြောက် ထိုးသတ်ရန် စီစဉ်ထားခြင်းဖြစ်ပြီး ပြီးခဲ့သည့်သုံးပွဲတွင် ဂျပန်နိုင်ငံသား ဟဆဲဂါဝါကို နှစ်ပွဲ၊ လက်ဘနွန်နိုင်ငံသား ကရာကီကို တစ်ပွဲ အနိုင်ရထားသည်။ အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်သည် တတိယအကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကြိမ်တွင် တစ်ပွဲစီ အနိုင်ရထားသည်။

 

MMA ပြိုင်ပွဲများ ကျင်းပနေသည့် ONE Championship သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲများကျင်းပမှု ရပ်နားထားခြင်းကို ဇွန်လတတိယပတ်အထိ ထပ်မံတိုးမြင့်ထားပြီး ပြိုင်ပွဲများ ပြန်လည်ကျင်းပခွင့်ရမှသာ အောင်လအန်ဆန်၏ ချန်ပီယံကာကွယ်ပွဲ ကျင်းပမည့်ရက်ကို ထုတ်ပြန်ဖွယ်ရှိနေသည်။

 

သတင်း-ရဲရင့်ရှိုင်း

ဓာတ်ပုံ-ဖိုးသော်ဇင်