“အောင်ဆန်း” ရုပ်ရှင်ဇာတ်ကား ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်၌ စတင်ရိုက်ကူး

ရန်ကုန်  ၃၀   စက်တင်ဘာ

“အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ပြည်လမ်း ရှိ အမျိုးသားပြတိုက်၌ စတင်ရိုက်ကူးနေပြီဖြစ်သည်။

 

a

 

ရိုက်ကူးမှုနှင့်ပတ်သက်၍ အဆိုပါရုပ်ရှင်ဇာတ်ကား၏ ဒါရိုက်တာ အကယ်ဒမီ ဦးလူမင်းက ``ဒီနေ့ကတော့ အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရေးကို ပထမဆုံး စတင်လိုက် တဲ့နေ့ပါ။ ဒီမှာရှိတဲ့ သီဟာသန ပလ္လင်ကြီးကိုဇာတ်ကားရဲ့ အဖွင့်ပိုင်းမှာ လိုအပ်တဲ့ ဇာတ်ဝင်ကတ်တွေအတွက် ဒီနေ့စတင်ရိုက်တာပါ။ ဒီပလ္လင်ကြီးက တကယ့်ပလ္လင်ကြီး ဆိုတော့ အဲဒီအသွင်သဏ္ဍန်နဲ့ ကျွန်တော်တို့ မမီလိုက်တဲ့ခေတ်တွေတုန်းက ဘုရင် တွေက ဒီလို ပလ္လင်ကြီးနဲ့ မင်းကျင့်တရားနဲ့ အညီစိုးစံပြီးတော့ တိုင်းပြည်ကို အုပ်ချုပ် ခဲ့တာ။ အဲဒီလို အနက်အဓိပ္ပါယ်တွေ ပေါ်လွင်အောင် ဒီမှာလာရောက်ရိုက်ကူး တာပါ´´ ဟုပြောသည်။

ယနေ့စတင်ရိုက်ကူးရာတွင် သရုပ်ဆောင်များ၏ သရုပ်ဆောင်မှုအပိုင်းများ ပါဝင်ခြင်းမရှိဘဲ “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကား၏ အဖွင့်ပိုင်းအတွက် ဇာတ်ဝင်ခန်း ဖြစ်သော သီဟာသန ပလ္လင်ကြီးကို  လိုအပ်သည့် မီးအလင်း၊ အမှောင်ပေးမှုများ ပြုလုပ် ကာ မြင်ကွင်း ရှုထောင့် နေရာမျိုးစုံမှ အချိန်ယူ ရိုက်ကူးခြင်းဖြစ်သည်။``အခုလိုရိုက်ကူးဖို့အတွက် အချိန်တွေအများကြီးယူခဲ့ရသလို၊ အခက်အခဲတွေ လည်း အများကြီးရှိခဲ့ပါတယ်။ ဒီနေ့မှာတော့ စတင်ရိုက်ကူးနိုင်ပါပြီ။ ရှေ့ဆက်ပြီးတော့ လည်း ကြုံလာသမျှ အခက်အခဲတွေကို အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်ပြီး ဆုံးဖြတ် ထားတဲ့အတိုင်း ပြီးမြောက်တဲ့အထိ လုပ်သွားမှာပါ။ နောက်နေ့တွေမှာတော့ ရန်ကုန် တက္ကသိုလ်မှာ ရိုက်ကူးသွားမှာပါ´´ဟု ဒါရိုက်တာ ဦးလူမင်းက ပြောသည်။

အောက်တိုဘာ ၁ ရက်မှ စတင်ကာ ရန်ကုန် တက္ကသိုလ်တွင် ရိုက်ကူး သွားမည် ဖြစ်ပြီး ယင်းသို့ရိုက်ကူးရာတွင် ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ်ကျောင်းသား ဘဝက ပဲခူးဆောင်၌နေထိုင်ခဲ့သည့် အကြောင်းများနှင့် ထိုခေတ်အခါက ရန်ကုန် တက္ကသိုလ် တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်အခြေအနေ အကြောင်းအရာများကို ရိုက်ကူးသွားမည် ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်တွင်ရိုက်ကူးမှု ပြီးစီးသွားပါက လွတ်လပ်ရေးဆုံးရှုံးခဲ့စဉ်အချိန် ဗိုလ်မင်းရောင်တို့ ခေတ်ကာလ အပိုင်းအနည်းငယ်ကို မန္တလေး၊ အင်းဝဘက်တွင် လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဘဝကို ရေနံချောင်း နှင့် နတ်မောက် ဘက် တွင်လည်းကောင်း ဆက်လက်ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရသည်။ယင်းရုပ်ရှင်ဇာတ်ကားကို ငါးလတာအချိန် အတွင်းရိုက်ကူးပြီးစီးရန် စီစဉ် ဆောင်ရွက်လျက်ရှိပြီး အရည်အသွေးကောင်းမွန်စေရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးမြောက်စေရေးတို့အတွက် ကြိုးစားရိုက်ကူးလျက်ရှိကြောင်း ဒါရိုက်တာ ဦးလူမင်းက ဆိုသည်။

“အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ အကယ်ဒမီ ဦးလူမင်း၊ ဇာတ်လမ်း/ဇာတ်ညွှန်း ပြုစုရေးဆပ်ကော်မတီဝင်များ၊ Casting ဒါရိုက်တာ အလင်္ကာ ကျော်စွာ အကယ်ဒမီ ပန်းချီစိုးမိုး၊ Production ဒီဇိုင်နာ  အကယ်ဒမီ ဦးထွန်းအောင်ဇော်၊ Art ဒါရိုက်တာ အကယ်ဒမီ စိုးကျော်ဆန်း တို့ကရိုက်ကူးသွား မည်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း အဖြစ် ကျော်ကျော်မျိုး၊ ဒေါ်ခင်ကြည်အဖြစ် နန့်ဇာခြည်လင်း တို့နှင့်အတူ အကယ်ဒမီရန်အောင်၊ အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ မင်းဦး၊ အကယ်ဒမီ ခန့်စည်သူ၊ နိုင်းနိုင်း၊ ညိုမင်းလွင်၊ ပြေဇင်၊ မိုးဟေကို နှင့် ဇာတ်ပို့၊ ဇာတ်ရံများ ပါဝင်သရုပ်ဆောင်ကြမည်ဖြစ်သည်။

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်