အောက်ဆီဂျင်စက်ရုံအတွက် လျှပ်စစ်ဓါတ်အားအသုံးပြုမည့် ၂၀၀ ကေဗွီအေထရန်စဖော်မာ တပ်ဆင် ပြီးစီး

 မြို့သစ် နိုဝင်ဘာ  ၂၆

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများနှင့် အခြားသော နာမကျန်း လူနာများအတွက် အောက်ဆီဂျင်   လိုအပ်ချက်အခက်အခဲ မဖြစ်စေရေးအတွက် အောက်ဆီဂျင်စက်ရုံအကောင် အထည်ဖော်တည်ဆောက်လျက်ရှိရာ အောက်ဆီဂျင်စက်ရုံအတွက်   အသုံးပြုမည့် ၂၀၀ ကေဗွီအေ ထရန်စဖော်မာနှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိလာပြီး မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမြတ်ကိုကိုနှင့် ဝန်ထမ်းများက လျှပ်စစ်မီး အသုံးပြုနိုင်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ တပ်ဆင်ပြီးစီးပြီဖြစ်ကြောင်း အဆိုပါအောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးဇော်ထံက သိရသည်။

အဆိုပါ အကောင်အထည်ဖော် တည်ဆောက်နေသည့်   အောက်ဆီဂျင်စက်မှာ 30 Nm3/h အမျိုးအစားဖြစ်ပြီး  တစ်ရက်လျှင် ၄၀လီတာ အောက်ဆီဂျင်အိုး အလုံးရေ ၁၂၀ ခန့်ထွက်ရှိမည်ဖြစ်ကြောင်း၊ယင်းအောက်ဆီဂျင်စက်အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးခြင်းဖြစ်ကာ စက်တန်ဖိုးအနေဖြင့် ငွေကျပ် သိန်း ၉၀၀ ကျော်ရှိကြောင်း ၊  လိုအပ်သော စက်ရုံတည်ဆောက်ခြင်းနှင့်အ ခြားစပ်ဆက်လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့မိမြို့ဖများ ပူးပေါင်း၍ အကောင်အထည်ဖော် တည်ဆောက်နေခြင်းဖြစ်ပြီး စက်ရုံတည်ဆောက်ခြင်းအတွက် ခန့်မှန်း ကုန်ကျငွေကျပ် သိန်း ၆၀၀ ခန့် ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ အောက်ဆီဂျင်စက်ရုံအား အောင်မြင်စွာ တည်ဆောက်ပြီးစီးနိုင်ရေး အတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် မြို့နယ်သူ/မြို့နယ်သားများက အလှူငွေများထည့်ဝင် လှူဒါန်းပေးကြကြောင်း ၊ ထို့အပြင် စက်ရုံတည်ဆောက်ရာတွင် လိုအပ်သော အုတ် ၊ သဲ ၊ ကျောက် ပစ္စည်းများကိုလည်း မြို့နယ်အတွင်းရှိ အုတ် ၊  သဲ  ၊ ကျောက် လုပ်ငန်းရှင်များက ကူညီပံ့ပိုးလှူဒါန်းပေးကြကြောင်းနှင့် ယခုအခါ အောက်ဆီဂျင်စက်ထားရှိမည့် အဆောက်အအုံတည်ဆောက်ခြင်း လုပ်ငန်းမှာ အမြန်ဆုံးတည်ဆောက်သွားမှာဖြစ်ကြောင်း သိရသည်။

သန်းဝင်းထွန်း ( ပြန်/ဆက်)