အစုလိုက်အပြုံလိုက် အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်က တိုင်းပြည်ကို မိန့်ခွန်းပြောကြားမယ်

၁၀ ဖေဖော်ဝါရီ

 

ထိုင်းနိုင်ငံ ခိုရတ်မြို့မှာ အရာခံဗိုလ်တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် လူပေါင်း ၂၉ ဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သတ်ပြီး ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဒီနေ့ ညနေ ၆ နာရီမှာ ရုပ်မြင်သံကြားကနေ တစ်ဆင့် ၅ မိနစ်ခန့် မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

 

ထိုင်းအစိုးရအနေနဲ့ ဖြစ်စဉ်နဲ့ပတ်သတ်ပြီး အံ့အားသင့်ခဲ့ရကြောင်း၊ ဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ သူတွေရဲ့ မိသားစုတွေကို နစ်နာကြေး ထောက်ပံ့သွားမယ်လို့ ပြောကြားထားပါတယ်။ သေနတ်သမားက စက်သေနတ်တွေကိုင်ဆောင်ပြီး Terminal 21 mall မှာ တွေ့သမျှကို ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ သေနတ်သမားကို တနင်္ဂနွေ မနက်ပိုင်းမှာ ကွန်မန်ဒိုတပ်ဖွဲ့တစ်ဦးက အသေပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။

 

ဝန်ကြီးချုပ် ပရာယွတ်က အခုလိုမျိုးဖြစ်စဉ်ဟာ ဘယ်တုန်းကမှမဖြစ်ဖူးသလို နောင်လည်း မဖြစ်ဖို့ မျှော်လင့်ကြောင်း၊ လူထုဝန်ဆောင်မှုလုပ်ငန်းတွေမှာ အခုလိုမျိုးဖြစ်စဉ်တွေဖြစ်လာရင် ဘယ်လို ကိုင်တွယ်မလဲဆိုတာ လေ့လာရမယ်လို့ ပြောကြားခဲ့ပါတယ်။

 

အသက်၃၂ နှစ်အရွယ် အရာခံဗိုလ်ဟာ သူ့အရာရှိနဲ့ စီးပွားရေးပတ်သက်မှုရှိရာကနေ သူတို့နှစ်ဦးကြား ပဋိပက္ခဖြစ်ခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သတ်ပြီး အရာခံဗိုလ်က စစ်တန်းလျားကနေ ရိုင်ဖယ်နှစ်လက်၊ စက်သေနတ်တစ်လက်နဲ့ ကျည်ကတ် ၇၇၀ ခိုးယူခဲ့ကြောင်း စစ်တပ်ပြောခွင့်ရသူက မနေ့က ပြောကြားပါတယ်။

 

MDN

ကိုးကား -AFP