အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)၌ အသက်မွေးပညာရပ် ကာလတိုသင်တန်း(၂/၂၀၂၁) ဖွင့်လှစ်

ဘားအံ   ဒီဇင်ဘာ   ၈

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာ အထက်တန်းကျောင်း(ဘားအံ)တွင် အသက်မွေးပညာရပ်များ ကာလတိုသင်တန်း အပတ်စဉ်(၂/၂၀၂၁) ဖွင့်ပွဲကို ဒီဇင်ဘာ ၇ ရက်က အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

 

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သင်တန်းဖွင့် အမှာစကားပြောကြားပြီး အစိုးရနည်းပညာ အထက်တန်းကျောင်း(ဘားအံ) ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းမိုးမိုးကြည်က အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကာလတိုသင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် သင်တန်းခန်းမများအတွင်း အသက်မွေးဝမ်းကျောင်း ပညာရပ်များအား ကျွမ်းကျင်သင်တန်းနည်းပြများက စာတွေ့ လက်တွေ့ သင်ကြားပို့ချနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

အစိုးရနည်းပညာ အထက်တန်းကျောင်း(ဘားအံ)တွင် အပတ်စဉ်(၂/၂၀၂၁)အဖြစ် ဖွင့်လှစ်သည့် အသက်မွေးပညာရပ်များ ကာလတိုသင်တန်းတွင် အခြေခံကွန်ပျူတာသင်တန်း၊ အမျိုးသား ဆံပင်ညှပ်သင်တန်း၊ အခြေခံစက်ချုပ်သင်တန်း၊ ရေမလိုလက်သန့်ဆေးရည်၊ ခေါင်းလျှော်ရည်နှင့် ဆပ်ပြာရည် ပြုလုပ်နည်းတို့ကို သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း ၇၇ ဦး တက်ရောက်ကြကာ သင်တန်းကာလမှာ ဒီဇင်ဘာ ၇ ရက်မှ ၃၀ ရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)