အစိုးရနှင့် NCA-S EAO အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်   ၁  ဩဂုတ် 

 

အစိုးရနှင့် NCA-S EAO အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၌ ကျင်းပသည်။

 

အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ်များအဖြစ် အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန  ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေး အဖွဲ့ဝင်များဖြစ်ကြသည့် ဦးလှမောင်ရွှေနှင့် ဦးမိုးဇော်ဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး  NCA-S EAO ကိုယ်စား လှယ်များ အဖြစ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်း၊ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်း၊ ညှိနှိုင်းရေးအဖွဲ့ဝင်များ ဖြစ်ကြ သည့် ဦးလှဌေး၊ ဒေါက်တာ လျန်မှုန်း ဆာခေါင်း၊ ဆလိုင်းထလာဟေး၊ စောစိန်ဝင်း၊ ပဒို စောတာဒိုမူး၊ ပဒိုစောအယ်က လူစေး၊ ကြာဆော်လမွန်၊ နိုင်အောင်မငေးနှင့် ခွန်မြင့်ထွန်း တို့တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ- UPDJC နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ-JMC အစည်းအဝေးများကို ပြန်လည်ကျင်းပရန် (၈)ကြိမ် မြောက် JICM အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည့်အတိုင်း (၁၈) ကြိမ်မြောက် UPDJC  အစည်းအဝေးကို နေပြည်တော်တွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ကျင်းပခဲ့ပြီး (၁၉)ကြိမ်မြောက် JMC-U အစည်းအဝေးအား ဇူလိုင်လ ၇ ရက်နှင့် ၈ ရက် တို့တွင် ကျင်းပနိုင်ခဲ့ပါကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်-NCA အရ UPDJC နှင့်  JMC သည် နိုင်ငံရေးဆွေးနွေးမှုအပိုင်းနှင့် တပ်ပိုင်းဆိုင်ရာ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာရေးဆိုင်ရာ အပိုင်းများကို တာဝန်ယူထားရသည့် ယန္တရားများဖြစ်သည်နှင့်အညီ ယခုအစည်းအဝေးများသည် ငြိမ်းချမ်းရေးအတွက် အရေးကြီးသည့် အစည်းအဝေးများဖြစ်သည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း။

 

ကာလရှည်ကြာ ရပ်နားခဲ့ရသည့် UPDJC နှင့် JMC-U အစည်းအဝေးများ ပြန်လည်စတင်နိုင်ခြင်းသည် တွေ့ကြုံခဲ့သည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို စိတ်ရှည် သည်းခံပြီး အပေးအယူ အလျော့အတင်းနှင့် ညှိနှိုင်းမည်ဆိုလျှင် အောင်မြင်မည် ဆိုသည်ကို သက်သေပြခဲ့ကြပြီးဖြစ်ပါကြောင်း။

 

(၈)ကြိမ်မြောက် JICM သဘောတူညီချက်များ အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးများကို မိမိတို့ကျင်းပခဲ့သည်မှာ (၆)ကြိမ် ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ယင်း (၆)ကြိမ်အတွင်း သဘောတူညီချက်များ များစွာရရှိထားပြီးဖြစ်ပါကြောင်း၊ လုံခြုံရေး ဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ကိစ္စနှင့်စပ်လျဉ်းပြီး ဆွေးနွေးမည့် အကြောင်းအရာ ခေါင်းစဉ်များကို နှစ်ဖက် ညှိနှိုင်းနေသလို NCA အခန်း (၃)နှင့် (၄)ပါ တပ်ပိုင်းဆိုင်ရာ ကိစ္စ ရပ်များကို ၂၀၂၀ အလွန်တွင် မည်သို့မည်ပုံ ဆွေးနွေးမည်ဆိုသည့် လျာထားချက်များကို နှစ်ဖက် သဘောတူထားပြီး ဖြစ်ပါကြောင်း။

 

ယနေ့တွင် ဒေသအဆင့် ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီ (JMC-S)အစည်းအဝေးများ Parallel သွားရန်ကိစ္စကို အဓိက ဆွေးနွေး ညှိနှိုင်းကြမည်ဖြစ်ကြောင်း၊ မပြေလည်သေးသည့် သဘောထားကွဲလွဲမှုများကို ပြေလည် အောင် ညှိနှိုင်းနိုင်မည့် အလားအလာများ၊ အခြေအနေများ ဖန်တီးပေးရန် လိုအပ်ပါ ကြောင်း၊ သို့မှသာ ဆွေးနွေးညှိနှိုင်းရင်းနှင့် တူညီသည့် ရပ်တည်ချက် သဘောထားများကို သဘောတူညီချက်အဖြစ် ပြောင်းလဲနိုင်မည် ဖြစ်ပါကြောင်း။

 

နိဂုံးချုပ်အနေဖြင့် ယနေ့အစည်းအဝေးတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် နှင့် မိမိတို့ဆွေးနွေးဖက်များအကြား ကျေကျေလည်လည် ဆွေးနွေးညှိနှိုင်းပြီး သဘောတူညီချက်များအဖြစ် ရယူပေးကြရန် ပြောကြားသည်။

 

ထို့နောက် NCA-S EAO မှ မူဘောင်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်းက (၈) ကြိမ်မြောက် JICM ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်နိုင်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး အနှစ်သာရ ပြည့်ဝစွာ ကျင်းပနိုင်ရေးနှင့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ချုပ်ဆိုနိုင်ရေးတို့ အတွက် မိမိတို့နှစ်ဖက် ညှိနှိုင်းရေးအဖွဲ့များသည် ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှ ယနေ့အထိ အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှု အစည်းအဝေးများကို (၇) ကြိမ်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး နှစ်ဖက်လက်ခံသည့်၊ ထိုက်သင့်မျှတသည့် ရလဒ်ကောင်း များကိုလည်း ရရှိခဲ့ပါကြောင်း။

 

(၈)ကြိမ်မြောက် JICM အစည်းအဝေးတွင် ဆုံးဖြတ်ချက်အားလုံး (၈) ချက်ရှိပါ ကြောင်း၊ ယင်းဆုံးဖြတ်ချက် (၈)ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် နှစ်ဖက် ညှိနှိုင်းရေး အဖွဲ့များက တာဝန်ယူဆွေးနွေး ညှိနှိုင်းနေခြင်းဖြစ်ပါကြောင်း၊ ဆုံးဖြတ်ချက် (၈)ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ အကောင်အထည်ဖော် ဆောင်ရွက်ပြီးသည့် အချက်များရှိသကဲ့သို့ အကောင်အထည်မဖော်နိုင်သေးသည့် အချက် များလည်း ရှိခဲ့ပါကြောင်း၊ အကောင်အထည် မဖော်နိုင်သေးသည့်အချက်များ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်သည့် ကော်မတီအသီးသီးက ကြိုးပမ်းညှိနှိုင်း ဆွေးနွေးနေဆဲ ဖြစ်ပါကြောင်း။

 

(၈)ကြိမ်မြောက် JICM အစည်းအဝေးအပြီး UPDJC နှင့် JMC အစည်းအဝေး များကို (၂)လအတွင်း ခေါ်ယူကျင်းပရန် သဘောတူထားသည့်အတိုင်း UPDJC အစည်း အဝေးကို ကျင်းပနိုင်ခဲ့သော်လည်း JMC-U အစည်းအဝေးကို ပြီးခဲ့သည့် ဇူလိုင်လဆန်းမှ သာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ JMC-S အစည်းအဝေးများ ကျင်းပနိုင်ရေးကိုလည်း ဆက်လက် ညှိနှိုင်းနေပါကြောင်း။

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ပထမလေးလပတ်အတွင်း ကျင်းပရန် ဆုံးဖြတ်ခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ကျင်းပနိုင်ခဲ့ခြင်း မရှိခဲ့ပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပိုမိုပါဝင်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်သည့် နေရာတွင် မိမိတို့အနေဖြင့် အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါကြောင်း၊ လိုရာပန်းတိုင်ကို မရောက်ရှိသေးပါကြောင်း။

 

ယနေ့ညှိနှိုင်းအစည်းအဝေးတွင် (၈) ကြိမ်မြောက် JICM ဆုံးဖြတ်ချက်အမှတ် (၁) ဖြစ်သည့် တစ်ဖွဲ့ချင်းအလိုက် ညှိနှိုင်းအစည်းအဝေး (Bilateral Meeting) နှင့် JMC အစည်းအဝေးများအား အပြိုင်ကျင်းပသွားရန်ဆိုသည့်အပေါ် နှစ်ဦးနှစ်ဖက် အမြင် သဘောထား၊ နားလည်မှုနှင့် ချဉ်းကပ်မှုမတူညီမှုများကို အကျေအလည်၊ ပွင့်ပွင့် လင်းလင်း ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်ပါကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက် သွားနိုင်ရေးအတွက် ကြိုးပမ်းသွားမည် ဖြစ်ပါကြောင်း။

 

ဆွေးနွေးညှိနှိုင်းရာတွင် ကိုယ့်မူသူ့မူ အခိုင်အမာကိုင်စွဲပြီး တစ်ဖက်ကိုတစ်ဖက် အကျပ်အတည်း ဖြစ်စေနိုင်သည့်၊ ညှိနှိုင်းအဖြေရှာရန် ခက်ခဲစေနိုင်သည့် ဆွေးနွေး ညှိနှိုင်းမှုများကို တတ်နိုင်သမျှ နှစ်ဖက်စလုံးက ရှောင်ရှားကြရန် အလေးအနက် တိုက်တွန်းလိုပါကြောင်း၊ ပြည်ထောင်စုအကျိုး၊ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး အကျိုးနှင့် အားလုံးအကျိုးအတွက် နှစ်ဖက်လက်ခံ ကျေနပ်ပြီး မျှမျှတတဖြစ်သည့်၊ ထိုက်သင့်သည့် အပေးအယူ၊ အလျှော့အတင်းများကို လိုအပ်သလို ဆောင်ရွက်ပေးရေး ဝန်မလေးကြရန် တိုက်တွန်းလိုပါကြောင်း။

 

သတင်းကောင်းများ၊ ရလဒ်ကောင်းများကို မျှော်လင့်စောင့်စား နားစွင့်နေကြသူ အားလုံးအတွက် ယခုညှိနှိုင်းအစည်းအဝေးက လိုလားတောင့်တချက်များကို ဖြည့်ဆည်း ပေး နိုင်ကြပါစေဟု ပြောကြားသည်။

 

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက JMC-S Parallel Process ကိစ္စ ဆွေးနွေးညှိနှိုင်းခြင်းနှင့် အထွေထွေဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။

 

ယနေ့ဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးဇော်ဌေးက “အစိုးရနဲ့ NCA-S EAO တို့ အလုပ်အဖွဲ့ အစည်းအဝေး နေပြည်တော် မှာ ကျင်းပခြင်းဖြစ်ပါတယ်။ ဒီနေ့ အဓိကဆွေးနွေးတဲ့ အကြောင်းအရာကတော့ (၈) ကြိမ် မြောက် JICM အစည်းအဝေးမှာ ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်အမှတ် (၁) ဖြစ်တဲ့ တရားဝင် အစည်းအဝေးတွေနဲ့ bilateral အစည်းအဝေးတွေကို အပြိုင်သွားဖို့ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ဆွေးနွေးတာဖြစ်တယ်။ အထူးသဖြင့် JMC-U အစည်းအဝေးတွေကို ကျင်းပပြီးသွားပြီ၊ UPDJC ကျင်းပပြီးသွားပြီ၊ ပြီးတော့ JMC-Sအစည်းအဝေးတွေ ဆက်လက် ကျင်းပဖို့  ဒီနေ့ဆွေးနွေးတာဖြစ်ပါတယ်။

 

အထူးသဖြင့်ကတော့ bilateral Concept ပါ။    အပြိုင်သွားတဲ့သဘောတရား၊ တရားဝင်အစည်းအဝေးတွေရှိမယ်။ တစ်ချိန်တည်းမှာ NCA မှာပါတဲ့အတိုင်း အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအကြား နှစ်ဖက် Bilataral ဆွေးနွေးမှု တွေကို လည်းရှိမယ်။ ဒါတွေကိုအပြိုင်သွားမယ်ဆိုပြီး JICM ကဆုံးဖြတ်ထားတယ်။ ဒီအတိုင်းသွားဖို့အတွက် တပ်မတော်က တောင်းဆိုထားတယ်။ အဲဒီအပေါ်မှာလည်း အစိုးရအနေနဲ့ ထောက်ခံတယ်။ ထောက်ခံတဲ့အတွက် JICM အစည်းအဝေး ဆုံးဖြတ် ချက်အတိုင်း JMC-S အစည်းအဝေးတွေသွားဖို့ ဒီနေ့ဆွေးနွေးတဲ့အခါ EAO ထဲက KNU မှာ တချို့အခက်အခဲ လေးတွေရှိတယ်။ အခက်အခဲလေးတွေရှိတော့ ဒီနေ့ဆွေးနွေးတာ မပြီးပြတ်ဘူး။ မပြီး ပြတ်တော့ မနက်ဖြန် ၁၀ နာရီမှ ဆက်ဆွေးနွေးမယ်။ အစိုးရအနေနဲ့ (၈) ကြိမ် JICM  အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း KNU အနေနဲ့ သူ့အဖွဲ့အစည်းထဲမှာ ပြန်လည် ဆွေးနွေးပြီးတော့ သဘောတူညီချက် ရနိုင်ဖို့အတွက်လည်း ကျွန်တော်တို့ မျှော်လင့်ထားတယ်။ နောက်ဆုံးအချက်အနေနဲ့ ညီလာခံကျင်းပရေးကိစ္စပေါ့။ ညီလာခံကျင်းပဖို့အတွက် (၈) ကြိမ်မြောက် JICM အစည်းအဝေးမှာဆုံးဖြတ်ထားပြီး ဖြစ်တာက ၂၀၂၀ ပြည့်နှစ် ပထမ ၄ လတာ ကာလအတွင်းမှာ ညီလာခံကျင်းပဖို့ JICM အစည်းအဝေးက ဆုံးဖြတ်ထားတယ်။ ကိုဗစ် -၁၉ ကာလဖြစ်တဲ့အတွက် အကြောင်းကြောင်းကြောင့် နောက်ကိုရွေ့ခဲ့ရတယ်။ ပြီးရင် ဩဂုတ်လ ၁၂၊ ၁၃၊ ၁၄ ရက်တွေမှာ ကျင်းပမယ်လို့  လျာထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၆၊ ၂၇၊ ၂၈၊ ၂၉ ရန်ကုန်မှာ လေးရက်တာကျင်းပပြုလုပ်ခဲ့တဲ့ အလုပ်အဖွဲ့အစည်းအဝေးမှာ ညီလာခံ ကျင်းပမယ့် ရက်ကို လာမယ့် ဩဂုတ်လ ၁၉၊ ၂၀၊ ၂၁ ရက်တွေမှာ ကျင်းပဖို့ သတ်မှတ်လျာ ထားခဲ့တယ်။ တစ်ဖက်မှာလည်း နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲ ကျင်းပမယ့် ကာလရှိတဲ့အတွက် ဒီ့ထက်တော့ နောက်ဆုတ်လို့မရဘူး။ နိုင်ငံရေးပါတီတွေ အနေနဲ့လည်း ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ စည်းရုံးလှုပ်ရှားမှုတွေ ဆောင်ရွက်ရတဲ့အနေ အထားရှိတဲ့အတွက် ညီလာခံကို  ဩဂုတ်လ ၁၉၊ ၂၀ ၊ ၂၁ ရက်တွေမှာ ကျင်းပဖို့ ရှိပါတယ်။ အဲဒါကိုတော့ ပြီးခဲ့တဲ့ အစည်းအဝေးမှာ သဘောတူထားတယ်။

 

နောက်တစ်ချက်ကတော့ လူမှုကွန်ရက်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကျန်းမာရေးနဲ့ ပတ်သက်လို့ မဟုတ်မမှန်တဲ့ သတင်းတွေထွက်ပေါ်နေတာရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ပြောရရင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ကျန်းမာရေးအခြေအနေ အားလုံးကောင်းပါတယ်။ ဘာမှဖျားခြင်း၊ နာခြင်းမရှိဘူး။ အဲဒါလေးတော့ အဓိကပြောချင်ပါတယ်” ဟုပြောသည်။

 

ယခုအစည်းအဝေးကို ဩဂုတ်လ ၂ ရက်နေ့တွင် နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ၌ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

သတင်း-မျိုးမြင့်၊ ဟန်လင်းနိုင်၊ ဓာတ်ပုံ-ကိုထိန်