အစိုးရနှင့် NCA-S EAO အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကျင်းပ

နေပြည်တော် ၂  ဩဂုတ်

 

အစိုးရနှင့် NCA-S EAO အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ဆက်လက် ကျင်းပသည်။

 

အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ်များအဖြစ်  အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဒုတိယဉက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန  အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးမိုးဇော်ဦး၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး  NCA-S EAO ကိုယ်စားလှယ်မှများအဖြစ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် စဝ်စိုင်းငင်း၊ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်း၊ ညှိနှိုင်းရေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးလှဌေး၊ ဒေါက်တာလျန်မှုန်းဆာခေါင်း၊ ဆလိုင်းထလာဟေး၊ စောစိန်ဝင်း၊ ပဒိုစောတာဒိုမူး၊ ပဒိုစော အယ်ကလူစေး၊ ကြာဆော်လမွန်၊ နိုင်အောင်မငေးနှင့် ခွန်မြင့်ထွန်းတို့တက် ရောက်ကြသည်။

 

အစည်းအဝေးတွင် JMC-S Parallel Process ကိစ္စနှင့်စပ်လျဉ်း၍ ဆက်လက်ဆွေးနွေး ကြသည်။

 

mdn

 

ထို့နောက် NCA-S EAO အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်းက ယနေ့ ကျင်းပပြုလုပ်သည့် JMC-S Parallel Process ကိစ္စ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့ဝင်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ချီးကျူးဂုဏ်ပြုပါကြောင်းကို ဦးစွာထုတ်ဖော်ပြောကြား လိုပါကြောင်း၊ နှစ်ဖက် ခေါင်းဆောင်ကိုယ်စားလှယ် များက ရလဒ်ကောင်းများကို ယနေ့ အစည်းအဝေးတွင် ဆောင်ကြဉ်းပေးနိုင်ခဲ့၍ဖြစ်ပါကြောင်း။

 

ယင်းအချက်များက နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့များသည် အားလုံးအကျိုးအတွက်ဆိုလျှင် အချင်းချင်းကြားတွင် ထိုက်သင့်သည့် အလျှော့အတင်းများ ပြုလုပ်နိုင်သည်ကို ပြသခြင်းပင် ဖြစ်ပါကြောင်း၊ မျဉ်းပြိုင်ကဲ့သို့ သွားနေခြင်းမျိုး မဟုတ်ဘဲ နှစ်ဉီးနှစ်ဖက် ဆုံမှတ်တစ်ခုဆီသို့ မျက်နှာချင်းဆိုင်၍ ဦးတည် လျှောက်လှမ်းသည့်အတွက် ယနေ့လို ရလဒ်ကောင်းကို ရရှိခြင်း ဖြစ်ပါကြောင်း။

 

နှစ်ရက်တာ ကျင်းပခဲ့သည့် ညှိနှိုင်းအစည်းအဝေးတွင် နှစ်ဖက် ညှိနှိုင်းရေးအဖွဲ့များသည် (၈) ကြိမ်မြောက်  JICM ဆုံးဖြတ်ချက်အမှတ် (၁) ဖြစ်သည့် တစ်ဖွဲ့ချင်းအလိုက် ညှိနှိုင်းအစည်း အဝေး (Bilateral Meeting) နှင့် JMC အစည်းအဝေးများအား အပြိုင်ကျင်းပသွားရန်ဆိုသည့်အပေါ် နှစ်ဦးနှစ်ဖက်၏ အမြင်သဘောထား၊ နားလည်မှုနှင့် ချဉ်းကပ်မှု မတူညီမှုများကို အကျေအလည် ပွင့်ပွင့်လင်းလင်း ရင်းနှီးစွာနှင့် ညှိနှိုင်းဆွေးနွေး အမြင်ချင်းဖလှယ် နိုင်ခဲ့ပါကြောင်း၊ နားလည်မှုများ အချင်းချင်းကြားတွင် တည်ဆောက်နိုင်ခဲ့ပါကြောင်း၊ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် သဘောထားများချမှတ်နိုင်ခဲ့ပါကြောင်း၊ ယင်းသည် နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့များ၏ အားတက်သရော တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်မှုပင် ဖြစ်ပါကြောင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုများကို ရဲရဲဝံ့ဝံ့ ပြသခြင်းလည်း ဖြစ်ပါကြောင်း။

 

နိဂုံးချုပ်အနေဖြင့် ဩဂုတ်လ ၄၊ ၅ ရက်များတွင် ကျင်းပမည့် JICM အစည်းအဝေး ပြင်ဆင်ရေး ညှိနှိုင်းအစည်းအဝေးတွင်လည်း ယခုလို ရလဒ်ကောင်းများ ရရှိရေးအတွက် ဝိုင်းဝန်းကြိုးပမ်းပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ယနေ့သည် များစွာမင်္ဂလာရှိသည့် နေ့ရက်ဖြစ်ပါကြောင်း၊ NCA-S EAO ခေါင်းဆောင် ပြောကြားခဲ့သည့်အတိုင်း မိမိတို့သည့် တစ်ဖက်နှင့်တစ်ဖက် အပေးအယူ၊ တစ်ဖက်၏ အခက်အခဲကို တစ်ဖက်က နားလည်ပြီး နှစ်ဦးနှစ်ဖက် သဘောတူနိုင်သည့် အချက်များကို ယနေ့ရရှိခဲ့ပါကြောင်း၊ ထို့ကြောင့် NCA-S EAO အဖွဲ့ခေါင်းဆောင် ပြောကြားချက်ကို မိမိအနေဖြင့် ထောက်ခံပြောကြားလိုသည်မှာ ယနေ့ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူများကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ၎င်းတို့၏ တာဝန်ယူမှု၊ တာဝန်ခံမှု၊ တစ်ဦးနှင့်တစ်ဉီး စာနာမှုများကိုလည်း ချီးကျူး ဂုဏ်ပြုလိုပါကြောင်း။

 

mdn

 

အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များအကြားတွင် (၂) နှစ်ခန့် အချိန်ယူညှိနှိုင်းခဲ့ရသည့် ကြိုးပမ်းအားထုတ်မှုများသည် ယနေ့ထပ်မံကာ နားလည်မှုနှင့် ယုံကြည်မှု ပိုမိုခိုင်မာ အားကောင်းလာသည်ဟု မိမိအနေဖြင့် ယူဆပါကြောင်း၊ တစ်ဖက်နှင့်တစ်ဖက် ဆွေးနွေးညှိနှိုင်းကြရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထ အစည်းအဝေးကို ရှေးရှုပြီး ခိုင်မာသည့် သန္နိဋ္ဌာန်နှင့် ကြိုးပမ်းခဲ့ကြသည့်အတွက် ယနေ့ ရလဒ်ကောင်းများရရှိပြီး ရှေ့ကိုဆက်လက် လျှောက်လှမ်းနိုင်သည့် အနေအထားကို ရရှိခဲ့ခြင်း ဖြစ်ပါကြောင်း။

 

ယင်းရလဒ်ကောင်းကြောင့် လာမည့် ဩဂုတ်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် ကျင်းပမည့် အလုပ်အဖွဲ့အစည်းအဝေး၊ ဩဂုတ်လ ၁၀၊ ၁၁ ရက်များတွင် ကျင်းပမည့် JICM အကြိုညှိနှိုင်း အစည်းအဝေး၊ ဩဂုတ်လ ၁၃ ရက်နေ့တွင် ကျင်းပမည့် JICM အစည်းအဝေးများတွင်လည်း ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများ သယ်ဆောင်သွားနိုင်ရန် တိုက်တွန်းလိုပြီး အခိုင်အမာယုံကြည်ထားပါကြောင်း။

 

ယင်းယုံကြည်ချက်နှင့်အတူ တိုင်းရင်းသားပြည်သူများ မျှော်လင့်တောင့်တလျက်ရှိသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ကြဉ်းပေးမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို သတ်မှတ်ထားသည့်အတိုင်း ဩဂုတ်လ ၁၉၊ ၂၀၊ ၂၁ ရက်များ တွင် အောင်မြင်စွာကျင်းပနိုင်ရေး ဆက်လက်ကြိုးပမ်းပေးကြရန်လည်း အလေးအနက် တိုက်တွန်းလိုပါကြောင်း။

 

စေ့စပ်ညှိနှိုင်းရာတွင် စိတ်ရှည်လက်ရှည်နှင့် သဘောထားကြီးကြီးထားပြီး အပြန်အလှန် နားလည်မှု၊ စာနာမှုများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်ရေးကို အာရုံထားပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများ အားလုံးကို ကျေးဇူးတင်ရှိကြောင်းကို ထပ်လောင်းပြောကြား လိုပါကြောင်း၊ မိမိတို့အနေဖြင့် ယခုကဲ့သို့ စိတ်ဓာတ်ဖြင့် လုပ်ဆောင်မည်ဆိုပါက ပြည်သူလူထု လိုလားသည့် ငြိမ်းချမ်းရေးကို မလွဲမသွေ ရအောင် ဆောင်ကြဉ်းပေး နိုင်မည်ဟုလည်း ယုံကြည်ပါကြောင်း၊ ကြိုးပမ်းပေးကြရန်လည်း တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

သတင်း-မျိုးမြင့်၊ ဟန်လင်းနိုင်၊ ဓာတ်ပုံ-ကိုထိန်