အစိုးရကိုယ်စားလှယ်များနှင့် ချင်းအမျိုးသားတပ်ဦးတို့၏ ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် မေ ၁၅


ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေး ကော်မတီသည် ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ချင်းအမျိုးသားတပ်ဦး (CNF) နှင့် Online Video Conferencing စနစ်ဖြင့် ချိတ်ဆက်၍ “ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး” ကို ကျင်းပသည်။

 


ယနေ့ဆွေးနွေးပွဲသို့ အစိုးရကိုယ်စားလှယ်များအဖြစ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦးနှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ချင်းအမျိုးသားတပ်ဦး (CNF) မှ လက်ထောက် အထွေထွေအတွင်းရေးမှူး(၂) ဆလိုင်းထက်နီ ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးသည်။


ယနေ့ကျင်းပသည့် အစည်းအဝေးသည် မေလ ၈ ရက် နေ့က NCA-S EAO (၁၀) ဖွဲ့နှင့် ဆွေးနွေးခဲ့သည့် သဘော တူညီချက် (၇) ချက်ကို အခြေခံ၍ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။


ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် ဆွေးနွေး


ဆွေးနွေးပွဲတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ရေးကိစ္စနှင့် ပတ်သက်သည့် နည်းပညာကိစ္စရပ်များနှင့် လိုအပ်သည့်ပစ္စည်းများ ပံ့ပိုးရေးကိစ္စရပ်များ၊ ကိုဗစ်-၁၉ တာဆီးကာကွယ် ကုသရေးနှင့် ပတ်သက်၍ ချင်းပြည်နယ် ၏ တည်နေရာအနေအထား၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေကြောင့် ကိုဗစ်-၁၉ လူနာများ တွေ့ရှိခဲ့ပါက ထားရှိမည့်နေရာနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေ အနေများ၊ ကိုဗစ်-၁၉ ကာလအတွင်းနှင့် ကိုဗစ်-၁၉ အလွန် ကာလများတွင် ဒေသခံလူထု၏ လူမှုစီးပွားရေးဘ၀ ထိခိုက်မှုများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်း လုပ်ဆောင်နိုင်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။


ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေး ကော်မတီသည် မေ ၂၀ ရက်တွင် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) နှင့် တွေ့ဆုံရန် စီစဉ်လျက်ရှိကြောင်း သိရသည်။


ယနေ့ကျင်းပသည့် “ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး” အပြီးတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး (အငြိမ်းစား) ခင်ဇော်ဦးနှင့် တွေ့ဆုံကာ ကော်မတီ၏ ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများနှင့် ပတ်သက်၍ သိရှိနိုင်ရန် မြန်မာ့သတင်းစဉ်မှ တွေ့ဆုံမေးမြန်းခဲ့သည်။

 

mdn


ဒုတိယဗိုလ်ချုပ်ကြီး(အငြိမ်းစား)ခင်ဇော်ဦး (ဒုတိယဥက္ကဋ္ဌ)

(ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းရေးကော်မတီ)


မေး ။ ။ ဒီနေ့အစည်းအဝေးမှာ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာများနှင့် ပတ်သက်ပြီး ပြောပြပေးပါခင်ဗျာ။


ဖြေ ။ ။ ဒီနေ့ ၁၀ နာရီမှာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ဖွဲ့ ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး( CNF) က ကိုယ်စားလှယ် တွေနဲ့ Online Video Conferencing နဲ့ ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ညှိနှိုင်းပူးပေါင်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်ပြီး ကော်မတီဝင်များနဲ့ ငြိမ်းချမ်းရေးကော်မရှင်က အကြံပေးပုဂ္ဂိုလ်တွေ တက်ရောက်ပါတယ်။ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးလှမော်ဦးကတော့ နေပြည်တော်ကနေ တက်ရောက်ဆွေးနွေးပါတယ်။ CNF ဘက်က လက်ထောက်အထွေထွေ အတွင်းရေးမှူး(၂) ဆလိုင်းထက်နီ ဦးဆောင်ပြီး ဆွေးနွေး ကြပါတယ်။ CNF အနေနဲ့ သူတို့ဒေသတွေမှာ ကိုဗစ်-၁၉ ကာကွယ် တားဆီးထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး သူတို့ရဲ့အစီအစဉ်နဲ့ တစ်ပိုင်တစ်နိုင် ဆောင်ရွက်နေမှုတွေကို တင်ပြပါတယ်။ လိုအပ်ချက်တွေကိုလည်း တင်ပြပါတယ်။ ကျွန်တော်တို့ ဘက်ကလည်း လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းအားလုံးနဲ့ ဆွေးနွေးချက်တွေအပေါ်မှာ ပံ့ပိုးကူညီမှု အစီအစဉ်တွေကို ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ တစ်ဖွဲ့ချင်းစီ ဆွေးနွေးပြီးနောက်မှာ ဒီအရာတွေလည်း အကောင်အထည်ပေါ်လာမှာ ဖြစ်ပါတယ်။


မေး ။ ။ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး ချင်းအမျိုးသား တပ်ဦး (CNF) ရဲ့ စိုးရိမ်မှုအပိုင်းနဲ့ လက်ရှိ ဆောင်ရွက်နေမှုအ ခြေအနေကို သိချင်ပါတယ်။


ဖြေ ။ ။ CNF အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ရောဂါ စဖြစ်တာ ချင်းပြည်နယ် တီးတိန်မြို့က လူဖြစ်တဲ့အခါ သူတို့ဘက်မှာလည်း တော်တော်စိုးရိမ်မှု ရှိပါတယ်။ သာမန်အားဖြင့် ချင်းပြည်နယ်ဟာ ဖွံ့ဖြိုးမှု နည်းနေတဲ့ အထဲမှာပါတော့ အဓိကက လမ်းပန်းဆက်သွယ်ရေးပါ။ တစ်နေရာနဲ့ တစ်နေရာသွားလာဖို့ ပို့ဆောင်ဖို့ အခက်အခဲအချို့ ရှိတာကြောင့် သူတို့အနေနဲ့လည်း စိုးရိမ်ပါတယ်။ ဒါကြောင့် သူတို့ဒေသ ထန်တလန် ဒေသတစ်ဝိုက် မှာ အခြေခံပြီးတော့ ဆောင်ရွက်နေပါတယ်။ တကယ်လို့ သူတို့ဒေသမှာ ကိုဗစ်-၁၉ ထိတွေ့လူနာ၊ ရောဂါပိုးရှိတဲ့ လူနာတွေ တွေ့ခဲ့လို့ရှိရင် ဘယ်လိုပူးပေါင်းဆောင်ရွက် မလဲဆိုတဲ့ နည်းလမ်းတွေလည်း ကျွန်တော်တို့ ဆွေးနွေးကြပါတယ်။ ချင်းပြည်နယ်အစိုးရနဲ့ ကျွန်တော်တို့ ညှိနှိုင်းပေး ပြီးတော့မှ ဟားခါးဆေးရုံလိုနေရာမျိုးကို တင်ပို့ကုသနိုင်မယ့် လမ်းကြောင်းတွေကို ချပြပါတယ်။ ဒါက ကာကွယ် တားဆီးကုသရေး အပိုင်းပါ။ နောက်တစ်ခုကလည်း ကိုဗစ်-၁၉ ကာလနဲ့ အဲဒီအလွန် ကာလတွေမှာ ဒေသလူထုရဲ့ လူမှုစီးပွားရေးဘ၀ ထိခိုက်မှုတွေနဲ့ ပတ်သက်ပြီး ပြန်လည်ထူထောင်မှု စီမံကိန်းတွေ ဆောင်ရွက်ဖို့အတွက် အချက်အလက်တွေ ရယူထားဖို့အတွက် ကျွန်တော်တို့ အကြံပြုပါတယ်။ သူတို့အနေနဲ့ ကလည်း ဒီလိုကိစ္စတွေအတွက် လိုအပ်လာရင် အသုံးပြုနိုင် အောင်ဆိုပြီး အခုအချိန်မှာ Data Mapping လုပ်နေပြီဆိုတဲ့အကြောင်း တင်ပြဆွေးနွေးတာ တွေ့ရတဲ့အတွက် အလွန်ဝမ်းသာပါတယ်။ သူတို့တွေအနေနဲ့ သူတို့နိုင်သလောက် ဆောင်ရွက်နေတယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရပါတယ်။


မေး ။ ။ ညှိနှိုင်းပူးပေါင်းရေးကော်မတီအနေနဲ့ ကိုဗစ်-၁၉နဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement- NCA) လက်မှတ်ရေးထိုးခြင်း မရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်နေမှုအပိုင်းကိုလည်း သိချင်ပါတယ်။


ဖြေ ။ ။ ကချင်ပြည်နယ်မှာဆို လွန်ခဲ့တဲ့ နှစ်ရက်ကပဲပြည်နယ်လူမှုရေး ဝန်ကြီး ဦးဆောင်ပြီးမှ ဌာနဆိုင်ရာ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)က ဦးဆောင်တဲ့ မြို့လူထု ကိုဗစ်-၁၉ ကာကွယ် တားဆီးရေးအဖွဲ့တွေနဲ့ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) က ဖွဲ့စည်းထားတဲ့ ကိုဗစ်-၁၉ ကာကွယ်နှိမ်နင်းရေးအဖွဲ့တို့ တွေ့ဆုံနိုင်ဖို့ ကျွန်တော်တို့ ညှိနှိုင်းပူးပေါင်းရေး ကော်မတီက ကြားဝင်ဆောင်ရွက်ပေးခဲ့ပါတယ်။ မေလ ၁၃ ရက်နေ့က ဝိုင်းမော်မြို့နယ် နန့်ဆန်ယန်ကျေးရွာအုပ်စု မိုင်းဆပ်ပါကျေးရွာမှာ တွေ့ကြပါတယ်။ အဲဒီမှာ ပြည်နယ် အစိုးရအဖွဲ့နဲ့ KIO အဖွဲ့တွေ ညှိနှိုင်းပြီး ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး လုပ်ငန်းတွေကို အခုထက်ပိုပြီး ထိထိရောက်ရောက် ညှိနှိုင်းဆောင်ရွက်နိုင်တာလည်း တိုးတက်မှု တစ်ခုလို့ ပြောရမှာဖြစ်ပါတယ်။ ဆက်သွယ်ဖို့ ကျန်ရှိနေတဲ့အထဲမှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ဆိုရင်လည်း ကျွန်တော်တို့ကို ဆက်သွယ်လာပါတယ်။ အခုဆိုရင် NCA လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားလ က်နက်ကိုင် အဖွဲ့အစည်း (၁၀) ဖွဲ့၊ လက်မှတ်မထိုးထားတဲ့ (၈) ဖွဲ့အနက် အဖွဲ့အစည်း (၅) ဖွဲ့နဲ့ အဆက်အသွယ်ရပြီဖြစ်ပါတယ်။ နောက် လွန်ခဲ့တဲ့ရက်ကပဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ကျိုင်းတုံ ခရီးစဉ်မှာ အထူးဒေသ(၄) မိုင်းလားနဲ့၊ ‘ဝ’ အထူးဒေသက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ တွေ့ရတာ အများကြီး ဝမ်းသာပါတယ်။ မိုင်းလားဒေသ မှာ ဆရာဝန်အခက်အခဲရှိတဲ့အတွက် တပ်မတော်ဆေးအဖွဲ့ စေလွှတ်ပေးမယ်ဆိုတဲ့ ကတိအတိုင်း အခုဆိုရင် တပ်မတော်ဆေးအဖွဲ့ဟာ မိုင်းလားကို ရောက်ရှိပြီးတော့မှ ကိုဗစ်-၁၉ ကာကွယ် တားဆီးရေး၊ ကုသရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာ တွေ့ရပါတယ်။

 

မေး ။ ။ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးနှင့်ပတ်သက်ပြီး ညှိနှိုင်းပူးပေါင်းရေးကော်မတီနဲ့ တိုင်းရင်းသား လက်နက်အဖွဲ့အစည်းတွေ တွေ့ဆုံမှုအခြေ အနေက ဘယ်လိုရှိပါသလဲ။


ဖြေ ။ ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ တဖြည်းဖြည်းနဲ့ ကောင်းမွန်လာတယ်၊ တိုးတက်လာတယ်ဆိုတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ ညှိနှိုင်းပူးပေါင်းရေး ကော်မတီအနေနဲ့ကလည်း သက်ဆိုင်ရာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အချိန်မရွေး ဆက်သွယ် ဆောင်ရွက်နေပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့ (မေ ၂၀) ကျရင် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) နဲ့ တွေ့ဆုံဆွေးနွေးဖို့ ညှိနှိုင်းထားပါတယ်။ ကျန်တဲ့အဖွဲ့တွေနဲ့လည်း ကျွန်တော်တို့ တစ်ဖွဲ့ချင်း ဆွေးနွေးပြီးရင် ဒုတိယအကြိမ် ပေါင်းပြီးတော့ ပြန်လည်ဆွေးနွေးမှုတွေ ဆောင်ရွက်ပါမယ်။


မေး ။ ။ ကော်မတီအနေနဲ့ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး နိုင်ငံတကာအကူအညီရရှိရေး ဆောင်ရွက်နေမှု ကိုလည်း သိချင်ပါတယ်။


ဖြေ ။ ။ နိုင်ငံတကာအကူအညီရရှိရေးကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာအဖွဲ့အစည်းအချို့နဲ့ ကျွန်တော်တို့ ညှိနှိုင်းပူးပေါင်းရေးကော်မတီက ဆွေးနွေးနေပါတယ်။ ဒါတွေဟာ မကြာခင်အချိန်မှာ အကောင်အထည်ပေါ်လာ မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။


ရဲခေါင်ညွန့်၊ ဓာတ်ပုံ - ဖိုးထောင်