အစိုးရကိုယ်စားလှယ်များနှင့် ချင်းအမျိုးသားတပ်ဦးတို့၏   ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနိုင်း အစည်းအဝေး ကျင်းပ

ရန်ကုန်  ၁၅ မေ 

 

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းရေးကော်မတီသည် ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ချင်းအမျိုးသားတပ်ဦး (CNF) နှင့် Online Video Conferencing စနစ်ဖြင့် ချိတ်ဆက်၍ “ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနိုင်း အစည်းအဝေး” ကို ကျင်းပသည်။ 

 

ယနေ့ဆွေးနွေးပွဲသို့ အစိုးရကိုယ်စားလှယ်များအဖြစ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးနှင့်စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း)ခင်ဇော်ဦးနှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ချင်းအမျိုးသားတပ်ဦး (CNF)မှ လက်ထောက်အထွေထွေ အတွင်းရေးမှူး(၂) ဆလိုင်းထက်နီ ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးသည်။

 

ယနေ့ကျင်းပသည့် အစည်းအဝေးသည် မေလ (၈)ရက်နေ့က NCA-S EAO (၁၀) ဖွဲ့ နှင့် ဆွေးနွေးခဲ့သည့် သဘောတူညီချက် (၇) ချက်ကို အခြေခံ၍ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

 

ဆွေးနွေးပွဲတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကိစ္စနှင့် ပတ်သက်သည့် နည်းပညာကိစ္စရပ်များနှင့် လိုအပ်သည့် ပစ္စည်းများ ပံ့ပိုးရေးကိစ္စရပ်များ၊ ကိုဗစ်-၁၉ တားဆီးကာကွယ် ကုသရေးနှင့် ပတ်သက်၍  ချင်းပြည်နယ်၏ တည်နေရာအနေအထား၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေကြောင့် ကိုဗစ်-၁၉ လူနာများတွေ့ရှိခဲ့ပါက ထားရှိမည့်နေရာနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ကိုဗစ်-၁၉ ကာလအတွင်းနှင့် ကိုဗစ်-၁၉ အလွန် ကာလများတွင် ဒေသခံလူထု၏ လူမှုစီးပွားရေးဘ၀ ထိခိုက်မှုများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်း လုပ်ဆောင်နိုင်မည့် အခြေများကို ဆွေးနွေးခဲ့ကြသည်။ 

 

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းရေးကော်မတီသည် မေ (၂၀)ရက်နေ့တွင် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)နှင့် တွေ့ဆုံရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ 

 

ယနေ့ကျင်းပသည့် “ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနိုင်း အစည်းအဝေး” အပြီးတွင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်ကြီး (အငြိမ်းစား) ခင်ဇော်ဦးနှင့် တွေ့ဆုံကာ ကော်မတီ၏ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ သိရှိနိုင်ရန် မြန်မာ့သတင်းစဉ်မှ တွေ့ဆုံမေးမြန်းခဲ့သည်။ 

 

ဒုတိယဗိုလ်ချုပ်ကြီး(အငြိမ်းစား)ခင်ဇော်ဦး (ဒုတိယဥက္ကဋ္ဌ)

 

(ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းရေး ကော်မတီ)

 

မေး။    ။ ဒီနေ့အစည်းအဝေးမှာ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အကြောင်းအရာများနှင့် ပတ်သက်ပြီး  ပြောပြပေးပါခင်ဗျာ။

 

ဖြေ။    ။ ဒီနေ့ ၁၀ နာရီမှာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တစ်ဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) က ကိုယ်စားလှယ်တွေနဲ့ Online Video Conferencing  နဲ့ ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့ ဘက်ကတော့ ညှိနှိုင်းပူးပေါင်းရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်ပြီး ကော်မတီဝင်များ နဲ့ ငြိမ်းချမ်းရေးကော်မရှင်က အကြံပေးပုဂ္ဂိုလ်တွေ တက်ရောက်ပါတယ်။ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးလှမော်ဦး ကတော့ နေပြည်တော်ကနေ တက်ရောက်ဆွေးနွေးပါတယ်။ CNF ဘက်က လက်ထောက် အထွေထွေအတွင်းရေးမှူး (၂) ဆလိုင်းထက်နီ ဦးဆောင်ပြီး ဆွေးနွေးကြပါတယ်။ 

 

CNF အနေနဲ့ သူတို့ဒေသတွေမှာ ကိုဗစ်-၁၉ ကာကွယ်တားဆီး ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီးသူတို့ရဲ့ အစီအစဉ်နဲ့ တစ်ပိုင်တစ်နိုင်ဆောင်ရွက်နေမှုတွေကို တင်ပြပါတယ်။ လိုအပ်ချက်တွေကိုလည်း တင်ပြပါတယ်။ ကျွန်တော်တို့ဘက် ကလည်း လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းအားလုံးနဲ့ ဆွေးနွေးချက်တွေအပေါ်မှာ ပံ့ပိုးကူညီမှုအစီအစဉ် တွေကို ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ တစ်ဖွဲ့ခြင်းစီဆွေးနွေးပြီးနောက်မှာ ဒီအရာတွေလည်း အကောင်အထည် ပေါ်လာမှာ ဖြစ်ပါတယ်။ 

 

မေး။    ။ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး (CNF)ရဲ့ စိုးရိမ်မှုအပိုင်းနဲ့ လက်ရှိဆောင်ရွက်နေမှု အခြေအနေကို သိချင်ပါတယ်။ 

 

ဖြေ။    ။ CNF အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ စဖြစ်တာ ချင်းပြည်နယ် တီးတိန်မြို့က လူဖြစ်တဲ့အခါ သူတို့ဘက်မှာလည်း တော်တော်စိုးရိမ်မှုရှိပါတယ်။ သာမန်အားဖြင့် ချင်းပြည်နယ်ဟာ ဖွံ့ဖြိုးမှုနည်းနေတဲ့အထဲမှာ ပါတော့ အဓိကက လမ်းပန်း ဆက်သွယ်ရေးပါ။ တစ်နေရာနဲ့ တစ်နေရာသွားလာဖို့ ပို့ဆောင်ပို့ အခက်အခဲ အချို့ရှိတာ ကြောင့် သူတို့အနေနဲ့လည်း စိုးရိမ်ပါတယ်။ ဒါကြောင့် သူတို့ဒေသ ထန်တလန် ဒေသတဝိုက်မှာ အခြေခံပြီးတော့ ဆောင်ရွက်နေပါတယ်။ တစ်ကယ်လို့ သူတို့ဒေသမှာ ကိုဗစ်-၁၉ ထိတွေ့လူနာ၊ ရောဂါပိုးရှိတဲ့ လူနာတွေ တွေ့ခဲ့လို့ရှိရင် ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲဆိုတဲ့ နည်းလမ်းတွေလည်း ကျွန်တော်တို့ ဆွေးနွေးကြပါတယ်။ ချင်းပြည်နယ် အစိုးရနဲ့ ကျွန်တော်တို့ ညှိနှိုင်းပေးပြီးတော့မှ ဟားခါးဆေးရုံလို နေရာမျိုးကို တင်ပို့ကုသနိုင်မယ့် လမ်းကြောင်းတွေကို ချပြပါတယ်။ ဒါက ကာကွယ်တားဆီးကုသရေး အပိုင်းပါ။ 

 

နောက်တစ်ခုကလည်း ကိုဗစ်-၁၉ ကာလနဲ့ အဲ့ဒီအလွန် ကာလတွေမှာ ဒေသလူထုရဲ့ လူမှုစီးပွားရေးဘ၀ ထိခိုက်မှုတွေနဲ့ ပတ်သက်ပြီး ပြန်လည်ထူထောင်မှုစီမံကိန်းတွေ ဆောင်ရွက်ဖို့အတွက် အချက်အလက်တွေ ရယူထားဖို့အတွက် ကျွန်တော်တို့ အကြံပြုပါတယ်။ သူတို့အနေကလည်း ဒီလိုကိစ္စတွေအတွက် လိုအပ်လာရင် အသုံးပြုနိုင်အောင်ဆိုပြီး အခုအချိန်မှာ Data Mapping လုပ်နေပြီဆိုတဲ့အကြောင်း တင်ပြဆွေးနွေးတာ တွေ့ရတဲ့အတွက် အလွန်ဝမ်းသာပါတယ်။ သူတို့တွေအနေနဲ့ သူတို့နိုင်သလောက် ဆောင်ရွက်နေတယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ 

 

မေး။    ။ ညှိနှိုင်းပူးပေါင်းရေးကော်မတီအနေနဲ့ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်စာချုပ် (Nationwide Ceasefire Agreement- NCA) လက်မှတ်ရေထိုးခြင်း မရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်နေမှု အပိုင်းကိုလည်း သိချင်ပါတယ်။ 

 

ဖြေ။    ။ ကချင်ပြည်နယ်မှာဆို လွန်ခဲ့တဲ့ နှစ်ရက်ကပဲ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဆောင်ပြီးမှ ဌာနဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) က ဦးဆောင်တဲ့ မြို့လူထု ကိုဗစ်-၁၉ ကာကွယ် တားဆီးရေး အဖွဲ့တွေနဲ့ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) က ဖွဲ့စည်းထားတဲ့ ကိုဗစ်-၁၉ ကာကွယ် နှိမ်နင်းရေးအဖွဲ့တို့ တွေ့ဆုံနိုင်ဖို့ ကျွန်တော်တို့ ညှိနှိုင်းပူးပေါင်းရေးကော်မတီက ကြားဝင်ဆောင်ရွက်ပေးခဲ့ပါတယ်။ မေလ ၁၃ ရက်နေ့က ဝိုင်းမော်မြို့နယ် ၊ နန့်ဆန်ယန် ကျေးရွာအုပ်စု ၊ မိုင်းဆပ်ပါ ကျေးရွာမှာ တွေ့ကြပါတယ်။ အဲ့ဒီမှာ ပြည်နယ်အစိုးရအဖွဲ့နဲ့ KIO အဖွဲ့ တွေ ညှိနှိုင်းပြီးကိုဗစ်-၁၉ ကာကွယ်တားဆီးရေး လုပ်ငန်းတွေကို အခုထက်ပိုပြီး ထိထိရောက်ရောက် ညှိနှိုင်းဆောင်ရွက်နိုင်တာလည်း တိုးတက်မှုတစ်ခုလို ပြောရမှာ ဖြစ်ပါတယ်။ 

 

ဆက်သွယ်ဖို့ ကျန်ရှိနေတဲ့ အထဲမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဆိုရင်လည်း ကျွန်တော်တို့ကို ဆက်သွယ်လာပါတယ်။ အခုဆိုရင် NCA လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၀) ဖွဲ့၊ လက်မှတ်မထိုးထားတဲ့ (၈) ဖွဲ့အနက် အဖွဲ့အစည်း (၅) ဖွဲ့နဲ့ အဆက်အသွယ်ရပြီ ဖြစ်ပါတယ်။ 

 

နောက် လွန်ခဲ့ရက်ကပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကျိုင်းတုံခရီးစဉ်မှာ အထူးဒေသ(၄) မိုင်းလားနဲ့၊ ဝအထူးဒေသ က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ့ တွေ့ရတာ အများကြီးဝမ်းသာပါတယ်။ မိုင်းလားဒေသမှာ ဆရာဝန်အခက်အခဲရှိတဲ့အတွက် တပ်မတော်ဆေးအဖွဲ့ စေလွှတ်ပေးမယ်ဆိုတဲ့ ကတိအတိုင်း အခုဆိုရင် တပ်မတော ်ဆေးအဖွဲ့ဟာ မိုင်းလားကို ရောက်ရှိပြီးတော့မှ ကိုဗစ်-၁၉ ကာကွယ် တားဆီးရေး၊ ကုသရေး လုပ်ငန်းတွေ လုပ်ဆောင် နေတာ တွေ့ရပါတယ်။ 

 

မေး။    ။ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့်ပတ်သက်ပြီး ညှိနှိုင်းပူးပေါင်းရေးကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ တွေ့ဆုံမှု အခြေအနေက ဘယ်လိုရှိပါသလဲ။ 

 

ဖြေ။    ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ ပူးပေါင်း ဆောင်ရွက်မှုတွေဟာ တဖြည်းဖြည်းနဲ့ ကောင်းမွန်လာတယ်။ တိုးတက်လာတယ်ဆိုတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ ညှိနှိုင်းပူးပေါင်းရေးကော်မတီ အနေနဲ့ကလည်း သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အချိန်မရွေး ဆက်သွယ် ဆောင်ရွက်နေ ပါတယ်။ 

 

လာမယ့် ဗုဒ္ဓဟူးနေ့ (မေ ၂၀) ကြရင် ရခိုင်အမျိုးသား လွတ်မြောက်ရေးပါတီ (ALP)နဲ့ တွေ့ဆုံဆွေးနွေးဖို့ ညှိနှိုင်းထားပါတယ်။ ကျန်တဲ့အဖွဲ့တွေနဲ့လည်း ကျွန်တော်တို့ တစ်ဖွဲ့ခြင်း ဆွေးနွေးပြီးရင် ဒုတိယအကြိမ် ပေါင်းပြီးတော့ ပြန်လည်ဆွေးနွေးမှုတွေ ဆောင်ရွက်ပါမယ်။ 

 

မေး။    ။ ကော်မတီအနေနဲ့ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး နိုင်ငံတကာ အကူအညီရရှိရေး ဆောင်ရွက်နေမှုကိုလည်း သိချင်ပါတယ်။ 

 

ဖြေ။    ။ နိုင်ငံတကာ အကူအညီရရှိရေးကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာ အဖွဲ့အစည်းအချို့နဲ့ ကျွန်တော်တို့ ညှိနှိုင်းပူးပေါင်းရေး ကော်မတီက ဆွေးနွေးနေပါတယ်။ ဒါတွေဟာ မကြာခင်အချိန်မှာ အကောင်အထည် ပေါ်လာမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ 

 

ရဲခေါင်ညွန့်၊ ဓာတ်ပုံ..ဖိုးထောင်