အစိုးရစက်မှုလက်မှုသိပ္ပံ(ဟားခါး)၌ အဆောက်အအုံသုံးလုံး တည်ဆောက်မှုပြီးစီး

ဟားခါး၊ ၁၄     ဇန်နဝါရီ           

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(ဟားခါး)တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့် တည်ဆောက်သည့် အဆောက်အအုံအသစ် သုံးလုံး တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

 

အစိုးရစက်မှုလက်မှုသိပ္ပံ(ဟားခါး)တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေကျပ် ၅၇၅၉၇၂၀၀၀ ဖြင့် Aasaw (အာဆော) ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့သည့် ပေ ၁၃၀ x ၈၇ ပေ RC နှစ်ထပ် ကျောင်းသား ကျောင်းသူ အိပ်ဆောင်၊ ပြည်ထောင်စုရန်ပုံငွေကျပ် ၃၉၆၂၂၇၀၀၀ ဖြင့် HPL Family ကုမ္ပဏီက ၇၈ ပေ x ၉၄ ပေ လေးခန်းတွဲ နှစ်ထပ် သံကူကွန်ကရစ် ဝန်ထမ်းအိမ်ရာနှင့် ပြည်ထောင်စုရန်ပုံငွေကျပ် ၆၀၀၂၇၆၀၀၀ ဖြင့် Double Arrow ကုမ္ပဏီက ပေ ၁၂၀ x ပေ ၄၀ ရှိ ခြောက်ခန်းတွဲ သုံးထပ် RC ​ဆောင် စသည့် အဆောက်အအုံ သုံးလုံး တည်ဆောက်မှုမှာ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း အစိုးရစက်မှုလက်မှုသိပ္ပံ(ဟားခါး) ကျောင်းအုပ်ကြီး ဒေါက်တာ ဆလိုင်းတလွန်ဇထန်းထံမှ သိရသည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် တည်ဆောက်မှုတွင် အဆောက်အအုံ ခုနစ်လုံး တည်ဆောက်ရန် ကျန်ရှိနေကြောင်းနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆက်လက်တည်ဆောက်သွားမည့် အဆောက်အအုံ နှစ်လုံးရှိကြောင်း ကျောင်းအုပ်ကြီး ဒေါက်တာ ဆလိုင်းတလွန်ဇထန်း၏ ပြောပြချက်အရ သိရသည်။

 

အောင်ခွီရှိန်း(ပြန်/ဆက်)