အစ္စရေးနိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀ ဦး ထပ်မံတွေ့ရှိ

ဂျေရုဆလင် ဒီဇင်ဘာ ၈

 

အစ္စရေးနိုင်ငံ၌ ယမန်နေ့က အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ်ကူး စက်ခံရသူ ၁၀ ဦးထပ်မံ တွေ့ရှိခြင်းကြောင့် နိုင်ငံအတွင်း အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၂၁ ဦးရှိလာကြောင်း အစ္စရေး ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

အစ္စရေး ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ အဆိုပါ အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ် ကူးစက်ခံရသူများ အနက် ၁၆ ဦးသည် အမေရိကန်၊ ပြင်သစ်၊ အင်္ဂလန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် တောင်အာဖရိက နိုင်ငံတို့မှ ပြန်လည်ရောက်ရှိလာသူများ ဖြစ်ကြောင်းနှင့် အခြားသူငါးဦးသည် တောင်အာဖရိကနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ ပြန်လာသော ခရီးသည်များနှင့် အနီးကပ် ထိတွေ့မှုရှိခဲ့ပြီးနောက် ကူးစက်ခံရသူများ ဖြစ်ကြောင်း သိရသည်။

 

ယင်းအိုမီခရွန် ဗီဇပြောင်း ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၁ ဦး အနက် ရှစ်ဦးသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လုံးဝ မထိုးနှံရသေးသူများ ဖြစ်ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်