အာရှဖလား ယူ-၂၃ ခြေစစ်ပွဲတွင် မြန်မာအသင်း၏ အုပ်စုအဖွင့်ပွဲကစားရမည့်အသင်း ပြောင်းလဲခဲ့ပြီး တရုတ်တိုင်ပေနှင့် စတင်ကစားရမည်

သတင်း-ရဲရင့်လွင်

 

၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာအသင်း၏ အုပ်စုအဖွင့်ပွဲကစားရမည့် အသင်းပြောင်းလဲခဲ့ပြီး တရုတ်တိုင်ပေအသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။ အုပ်စု (K) မှ မြောက်ကိုရီးယား အသင်း နုတ်ထွက်ခဲ့မှုကြောင့် အုပ်စုအချို့ အသင်းများပြောင်းလဲကာ မြန်မာအသင်းအဖွင့်ပွဲကစားမည့် အသင်းပါ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

 

မြန်မာအသင်းသည် ယင်းအုပ်စုတွင် အုပ်စု (I) ၌ ဗီယက်နမ်၊ တရုတ်တိုင်ပေတို့နှင့်အတူ ပါဝင်နေပြီး ယခင်တစ်အုပ်စုတည်းကျရောက်နေသည့် ဟောင်ကောင်အသင်းသည် အုပ်စု (K) သို့ ပြောင်းလဲကစားရမည် ဖြစ်သည်။

 

အာရှဘောလုံးအဖွဲ့ချုပ်သည် အုပ်စုအပြောင်းအလဲဖြစ်ခဲ့သည့် အုပ်စု (I) နှင့် (K) ပွဲစဉ်များကို ပြီးခဲ့သည့်ရက်ပိုင်းက  ပြန်လည်အတည်ပြုခဲ့ပြီး အုပ်စု (I)တွင် ပါဝင်နေသော  မြန်မာအသင်းသည် အောက်တိုဘာ ၂၉ ရက်တွင် တရုတ်တိုင်ပေအသင်း၊ အောက်တိုဘာ ၃၁ ရက်တွင် ဗီယက်နမ်အသင်းတို့နှင့် ကစားရမည်ဖြစ်သည်။

 

ယင်းအုပ်စုတွင် အဖွင့်ပွဲအဖြစ် အောက်တိုဘာ ၂၇ ရက်တွင် တရုတ်တိုင်ပေနှင့် ဗီယက်နမ်အသင်းတို့ ကစားမည်ဖြစ်ပြီး အုပ်စု (I) ပွဲစဉ်များကို တရုတ်တိုင်ပေတွင် ပြုလုပ်သွားမည်ဖြစ်သည်။

 

အာရှဖလား ယူ-၂၃ ခြေစစ်ပွဲကို အုပ်စု ၁၁ ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး ဇူလိုင် ၉ ရက်ကပြုလုပ်သည့် အုပ်စုမဲခွဲပွဲအပြီးတွင် အုပ်စု (K) ၌ ကျရောက်နေသည့် မြောက်ကိုရီးယားအသင်းသည် ခြေစစ်ပွဲမှ နုတ်ထွက်ခဲ့ သဖြင့် ယင်းအုပ်စုတွင် နှစ်သင်းသာကျန်တော့ပြီး အခြားအုပ်စုမှ အသင်းတစ်သင်းဖြင့် အစားထိုးရန် သြဂုတ် ၁၁ ရက်က မဲနှိုက်ရွေးချယ်ခဲ့ရာ အုပ်စု (I)မှ ဟောင်ကောင်အသင်း ကျရောက်ခဲ့သည်။

 

ထို့ကြောင့် ဟောင်ကောင်အသင်းသည် အုပ်စု (K) တွင် ဂျပန်၊ ကမ္ဘောဒီးယားတို့နှင့် ပြောင်းလဲကျရောက်ခဲ့ပြီး အုပ်စု(I) တွင် ဗီယက်နမ်၊ မြန်မာ၊ တရုတ်တိုင်ပေအသင်းတို့သာ ကျန်ရှိတော့မည်ဖြစ်သည်။

 

ယင်းခြေစစ်ပွဲကို အောက်တိုဘာ ၂၇ ရက်မှ ၃၁ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး  ခြေစစ်ပွဲကျင်းပမည့်ပုံစံအရ အုပ်စု ၁၁ ခုမှ ထိပ်ဆုံး ၁၁ သင်းနှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံးလေးသင်း စုစုပေါင်း ၁၅ သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။

 

အုပ်စုမဲခွဲမှုအရ အနောက်အာရှဇုန် အုပ်စု (A) တွင် ဆီးရီးယား၊ ကာတာ၊ ယီမင်၊ သီရိလင်္ကာ၊ အုပ်စု (B) တွင် အီရန်၊ တာဂျစ်ကစ္စတန်၊ လက်ဘနွန်၊ နီပေါ၊ အုပ်စု (C) တွင် အီရတ်၊ ဘာရိန်း၊ အာဖဂန်နစ္စတန်၊ မော်လ်ဒိုက်၊ အုပ်စု(D) တွင် ဆော်ဒီအာရေဗျ၊ ဘင်္ဂလားဒေ့ရှ်၊ ကူဝိတ်၊  ဥဇဘက်ကစ္စတန်၊ အုပ်စု (E) တွင် ယူအေအီး၊ အိုမန်၊ အိန္ဒိယ၊ ကာဂျစ္စတန်၊ အုပ်စု (F)တွင် ဂျော်ဒန်၊ ပါလက်စတိုင်း၊ တာ့ခ်မင်နစ္စတန်၊ အရှေ့အာရှဇုန် အုပ်စု(G) တွင် သြစတြေးလျ၊ တရုတ်၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ အုပ်စု (H) တွင် တောင်ကိုရီးယား၊ စင်ကာပူ၊ တီမော၊ ဖိလစ်ပိုင်၊ အုပ်စု (I) တွင် ဗီယက်နမ်၊ မြန်မာ၊ တရုတ်တိုင်ပေ၊ အုပ်စု(J) တွင် ထိုင်း၊ မလေးရှား၊ လာအို၊ မွန်ဂိုလီးယား၊ အုပ်စု (K)တွင် ဟောင်ကောင်၊ ဂျပန်နှင့် ကမ္ဘောဒီးယားအသင်းတို့ ပါဝင်နေသည်။