အာရှဒေသဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး မိတ်ဖက်အဖွဲ့၏ (၅)ကြိမ်မြောက် ဒေသတွင်း အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ၃ ဒီဇင်ဘာ

အာရှဒေသ ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး မိတ်ဖက်အဖွဲ့ (Asian Preparedness Partnership- APP)ကို အာရှဒေသအတွင်း ရှေ့ပြေးစီမံကိန်းအဖြစ် ကမ္ဘောဒီးယား၊ မြန်မာ၊ နီပေါ၊ ဖိလစ်ပိုင်၊ ပါကစ္စတန်နှင့် သီရိလင်္ကာနိုင်ငံတို့မှ အစိုးရဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်းပါဝင်မှုဖြင့် ဖွဲ့စည်းခဲ့ပြီး အဆိုပါ APP ၏ (၅) ကြိမ်မြောက် ဒေသတွင်းအစည်းအဝေးကို မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် ယမန်နေ့ နံနက်(၉)နာရီက ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel ၌ ကျင်းပသည်။  

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက APP သည် ဒေသတွင်းနှင့် နိုင်ငံတွင်းရှိ အစိုးရဌာန၊ ပုဂ္ဂလိကနှင့် အရပ်ဘက်လူမှုရေး အဖွဲ့အစည်းများ၏ ပူးပေါင်းမှုကို အရှိန်အဟုန်မြှင့်တင်ရန်အတွက် ရည်ရွယ်၍ စတင်အကောင်အထည်ဖော်ခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အဆိုပါအဖွဲ့အစည်း သုံးခုသည် ဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ချိန်များတွင် အစဉ်အလာအရ ပူးပေါင်းမှုများရှိသော်လည်း APP အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများအား စနစ်ကျနခိုင်မာစွာ ဆောင်ရွက်နိုင်ရန်နှင့် အာရှဒေသတွင်း ပေါင်းစည်းမှုစွမ်းအားဖြင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော လူမှုအသိုက်အဝန်း တည်ဆောက်ရန်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒသည် ပုဂ္ဂလိကကဏ္ဍ၊ အရပ်ဖက်လူမှုရေး အဖွဲ့အစည်းအပါအဝင် ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းတို့၏ ပူးပေါင်းမှုဖြင့် ဘေးသင့်ပြည်သူများအား ပိုမိုကောင်းမွန်သည့် လူနေမှုဘဝများရှိစေရန်နှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော လူမှုအသိုက်အဝန်း တည်ဆောက်ရန် ဖြစ်ပါကြောင်း၊ မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာမူဘောင်ဖြစ်သည့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးဆန်ဒိုင်းမူဘောင်၏ ပန်းတိုင်တစ်ခုလည်းဖြစ်ပါကြောင်း။

APP ၏ ပူးပေါင်းမှုအောက်တွင် မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး မိတ်ဖက်အဖွဲ့ Myanmar Preparedness Partnership (MPP) ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖွဲ့စည်းနိုင်ခဲ့ခြင်းသည် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုအတွက် မှတ်တိုင်တစ်ခုဖြစ်ပါကြောင်း၊ MPP သည် နိုင်ငံတော်တွင်း ဘေးအန္တရာယ်ကြုံတွေ့ချိန်တွင် ရှေ့တန်းမှ ပူးပေါင်းဆောင်ရွက်ပေးနေသော ဒေသခံအစိုးရအဖွဲ့များ၊ ပုဂ္ဂလိကကဏ္ဍနှင့် အရပ်ဖက် လူမှုရေးအဖွဲ့အစည်းများအား ဖွဲ့စည်းထားခြင်းဖြစ်ပါကြောင်း၊ APP နှင့် MPP အား ထူထောင်နိုင်စေရန် ကူညီပံ့ပိုးပေးခဲ့သော Bill & Melinda Gates Foundation, USAID နှင့် Asian Disaster Preparedness Center (ADPC) အား အသိမှတ်ပြုကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော်အဆင့်၌ နိုင်ငံတော်ဒုတိယသမ္မတ ဦးဆောင်မှုဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းဆောင်ရွက်ထားသကဲ့သို့ MPP ဖွဲ့စည်းဆောင်ရွက်ခြင်းအားဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်အတွက် အားဖြည့်ပေးနိုင်ပါကြောင်း။

ထို့အတူ မြန်မာနိုင်ငံဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းစီမံချက် (၂၀၁၇)သည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးပန်းတိုင်(SDGs)နှင့် ဆန်ဒိုင်းမူဘောင်၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပဲရစ်သဘောတူညီချက်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း(MSDP)နှင့် ချိတ်ဆက်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းမှုဖြင့် နိုင်ငံတွင်း၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အဆင့်များတွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချနိုင်ရန် ခိုင်မာအားကောင်းသည့် စီမံခန့်ခွဲမှုများ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် ရာသီပြောင်းလဲမှုနှင့် ဘေးအန္တရာယ် ဒဏ်ခံနိုင်ရည်ရှိသည့် လူမှုအသိုက်အဝန်းဖြစ်စေရန်အတွက် ထိုစုပေါင်းအင်အားဖြင့် ပိုမိုထိရောက်သည့် ကယ်ဆယ်တုံ့ပြန်ရေးများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် Bill and Melinda Gates Foundation(BMGF) မှ အရေးပေါ်တုံ့ပြန်ရေး အဖွဲ့ခေါင်းဆောင် Dr. Valerie Bemoနှင့် ADPC ၏ အမှုဆောင်ညွှန်ကြားရေးမှူးဖြစ်သူ၊ Mr. Hans Guttmanတို့က APP အဖွဲ့ဝင်နိုင်ငံ(၆)နိုင်ငံအနက် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းအစည်းအဝေးကို ပထမဦးဆုံး အကြိမ်အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အစိုးရ၊ ပုဂ္ဂလိကဏ္ဍနှင့် အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများ၏ ပူးပေါင်းမှုဆောင်ရွက်မှုသည် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးအတွက် အရေးပါသကဲ့သို့ အခြားသော ဆက်စပ်ပတ်သက်သူများပါ ပိုမိုပူးပေါင်းပါဝင်လာစေရန် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

အခမ်းအနား၏ ဒုတိယပိုင်းအစီအစဉ်တွင် APP ၏ ပူးတွဲဥက္ကဋ္ဌများဖြစ်သော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ အရပ်ဖက်လူမှုရေးအဖွဲ့အစည်းနှင့် ပုဂ္ဂလိကဏ္ဍမှ ကိုယ်စားလှယ်များသည် ပူးတွဲဥက္ကဌများအဖြစ် ဆောင်ရွက်၍ APP ၏ ဦးဆောင်ကော်မတီအစည်းအဝေးကို ဆက်လက်ကျင်းပသည်။

​အဆိုပါ အာရှဒေသဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး မိတ်ဖက်အဖွဲ့၏ (၅)ကြိမ်မြောက် ဒေသတွင်း အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ကမ္ဘောဒီးယားနိုင်ငံ၊ နီပေါနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံတို့က APP အဖွဲ့ဝင်များ၊ Bill and Melinda Gates Foundation(BMGF), ADPC တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေး၏ ဒုတိယနေ့အစီအစဉ်အဖြစ် ယနေ့တွင် APP ၏ ပူးတွဲဥက္ကဋ္ဌများ ဖြစ်သော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ အရပ်ဖက် လူမှုရေး အဖွဲ့အစည်းနှင့် ပုဂ္ဂလိကဏ္ဍမှ ကိုယ်စားလှယ်များက ဦးဆောင်၍ ဆက်လက်ကျင်းပရာ အဖွဲ့ဝင်များက ရှေ့လာမည့် ()နှစ်အတွင်း APP Phase II အား ဒေသတွင်း အဖွဲ့ဝင်နိုင်ငံများတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်နှင့် မျှော်မှန်းရလာဒ်များ၊ APP အကောင်အထည်ဖော်ရေးအတွက် ဖွဲ့စည်းဆောင်ရွက်မည့်အစီအမံများ၊ (၂၀၂၀)တွင် ဆောင်ရွက်မည့် ဦးစားပေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံအနေဖြင့် APP ပူးတွဲဥက္ကဋ္ဌ တာဝန်အား APP အဖွဲ့ဝင်နိုင်ငံဖြစ်သော နီပေါနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်