အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု (I) ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

၁၂ အောက်တိုဘာ

 

အာရှဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ၂၀၂၀ အာရှယူ-၁၉ ခြေစစ်ပွဲများကို နိုဝင်ဘာလဆန်းတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းပါဝင်သည့် အုပ်စု (I) ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။

                 

အာရှဘောလုံးအဖွဲ့ချုပ်သည် ခြေစစ်ပွဲကို အုပ်စု ၁၁ ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (I)တွင် တောင်ကိုရီးယား၊ တရုတ်၊ စင်ကာပူတို့နှင့် ကျရောက်နေသည်။ ယင်းအုပ်စုပွဲစဉ်များကို နိုဝင်ဘာ ၆ ရက်မှ ၁၀ ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး နိုဝင်ဘာ ၆ ရက် ညနေ ၃ နာရီတွင် တောင်ကိုရီးယားနှင့် စင်ကာပူ၊ ညနေ ၆ နာရီတွင် မြန်မာနှင့် တရုတ်၊ နိုဝင်ဘာ ၈ ရက် ညနေ ၃ နာရီတွင် စင်ကာပူနှင့် တရုတ်၊ ညနေ ၆ နာရီတွင် မြန်မာနှင့် တောင်ကိုရီးယား၊ နိုဝင်ဘာ ၁၀ ရက် ညနေ ၃ နာရီတွင် တောင်ကိုရီးယားနှင့် တရုတ်၊ ညနေ ၆ နာရီတွင် မြန်မာနှင့် စင်ကာပူအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာယူ-၁၉ အသင်းသည် ယင်းခြေစစ်ပွဲအတွက် အာဆီယံပြိုင်ပွဲပြီးကတည်းက လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး လက်ရှိတွင် ပဏာမကစားသမား ၂၉ ဦးဖြင့် လေ့ကျင့်လျက်ရှိသည်။ မြန်မာယူ-၁၉ အသင်းသည် စက်တင်ဘာ ၁၂ ရက်တွင် စခန်းဝင်လေ့ကျင့်ခဲ့ပြီး စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ကျင်းပသည့် တရုတ်တိုင်ပေဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဒုတိယဆုရခဲ့သည်။ မြန်မာယူ-၁၉ အသင်းသည် အာရှခြေစစ်ပွဲအတွက် နောက်ဆုံးပြင်ဆင်သည့်အနေဖြင့် အောက်တိုဘာ နောက်ဆုံးပတ်တွင် နိုင်ငံတကာ ခြေစမ်းပွဲတစ်ပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

                   

အာရှခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာယူ-၁၉ အသင်းတွင် အုပ်ချုပ်သူ-ဦးရဲဝင်းအောင်၊ နည်းပြချုပ်-ဦးစိုးမြတ်မင်း၊ လက်ထောက်နည်းပြ-ဦးမင်းမင်းထွန်း၊ ဦးအောင်လတ်သူ၊ ဂိုးနည်းပြ-ဦးစိန်အေး၊ ကစားသမားများအဖြစ် ဂိုး- ပြည့်ဖြိုးသူ၊ နေလင်းထက်၊ စောထက်၊ နောက်တန်း- စည်သူမိုးခန့်၊ သက်ဟိန်းစိုး၊ ဉာဏ်လင်းထက်၊ ရှင်းသန့်အောင်၊ ဝေယံစိုး၊ စောထော်နေမူး၊ ကောင်းခန့်ကျော် (၁)၊ မျိုးကိုကိုလင်း၊ အလယ်တန်း- အောင်ကိုဦး၊ ရန်ကျော်စိုး၊ ရဲမင်းကျော်၊ နောင်နောင်စိုး၊ ဇော်ဝင်းသိန်း၊ ပြည့်ဖြိုးအောင်၊ ခွန်ကျော်ဇင်ဟိန်း၊ မိုးဆွေ၊ ဟိန်းထက်အောင်၊ သူရအောင်၊ ရန်နိုင်လင်း၊ ပြည့်စုံနိုင်၊ ရှေ့တန်း- ကောင်းဇင်မိုး၊ လမင်းထွေး၊ ညီညီ၊ စောကျော်အဲ၊ သြဘာခနှင့်  ရဲထက်အောင်တို့ ပါဝင်ကြသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်