အာရှ - ပစိဖိတ်ဒေသတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဆိုင်ရာ နောက်ဆုံးရသတင်းများ

mdn

စိုးသူရ - စုစည်းသည်

 

ဧပြီ ၄ ရက် စစ်တမ်းများအရ အာရှ-ပစိဖိတ်နိုင်ငံများအနက် ဘင်္ဂလားဒေ့ရှ်နှင့် ဂျပန်နိုင်ငံများတွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ပိုမိုမြင့်တက်လာခဲ့ပြီး ကမ္ဘာ့ဘဏ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအား ဗိုင်းရပ်စ်တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အတွက် ကန်ဒေါ်လာ သန်း ၁၀ဝ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၁၈ ဦး ထပ်မံ တွေ့ရှိခဲ့သည့်အတွက် စုစုပေါင်းကူးစက်ခံရသူ ၈၉၁ ဦးအထိ ရှိလာခဲ့သည်။ အဆိုပါအရေအတွက်သည် ဂျပန်နိုင်ငံရှိ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့သော ပြည်နယ် ၄၇ ခုအနက် အများဆုံးဖြစ်သည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်လူနာ ၇၀ ရှိလာပြီဖြစ်သည့် အတွက် ကမ္ဘာ့ဘဏ်က နိုင်ငံအတွင်း ဗိုင်းရပ်စ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကန်ဒေါ်လာ သန်း ၁၀ဝ ကို ထောက်ပံ့ပေးမည်ဖြစ်သည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကူးစက် လူနာ နှစ်ဦးထပ်မံသေဆုံးခဲ့သည့်အတွက် စုစုပေါင်းသေဆုံးသူ ရှစ်ဦးရှိလာခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်လူနာ ကိုးဦးထပ်မံတွေ့ရှိသည့်အတွက် ကူးစက်လူနာ ၇၀ ရှိလာခဲ့ပြီဖြစ်သည်။ ဗိုင်းရပ်စ်ကူးစက်လူနာ ကိုးဦး ထပ်မံတွေ့ရှိမှုသည် နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက် လူနာစတင်တွေ့ရှိခဲ့သည့်အချိန်ကစပြီး တစ်ရက်တာအတွင်း ဗိုင်းရပ်စ်ကူးစက်မှုနှုန်း အမြင့်မားဆုံးဖြစ်သည်။

 

တောင်ကိုရီးယားနိုင်ငံတွင် ဧပြီ ၄ ရက်ဆေးမှတ်တမ်းအရ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၉၄ ဦးထပ်မံတွေ့ရှိခဲ့ သည့်အတွက် စုစုပေါင်းဗိုင်းရပ်စ်ကူးစက် လူနာ ၁၀၁၅၆ ဦးရှိလာခဲ့ပြီဖြစ်သည်။ ထို့ပြင် ဗိုင်းရပ်စ်ကူးစက်လူနာ သုံးဦး ထပ်မံသေဆုံးခဲ့သည့်အတွက် စုစုပေါင်းသေဆုံးသူ ၁၇ ဦးရှိလာခဲ့သည်။ ဗိုင်းရပ်စ်ကူးစက်လူနာများအနက် ၃ဝ၄ ဦးသည် ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာသည့်အတွက် စုစုပေါင်း ကျန်းမာရေးပြန်လည် ကောင်းမွန်လာသူ ၆၃၂၅ ဦးရှိလာခဲ့ကြောင်း သိရသည်။

 

ထိုင်းနိုင်ငံ

 

ထိုင်းနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်လူနာ ၈၉ ဦးထပ်မံတွေ့ရှိသည့်အတွက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၂၀၆၇ ဦး ရှိလာခဲ့သည်။ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူ ၂၀ ရှိပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၆၁၂ ဦး ရှိလာခဲ့သည်။

 

ရောဂါကူးစက်မှုကို ထိန်းချုပ်သည့်အနေဖြင့် နိုင်ငံအတွင်းသို့ ပြည်ပမှ ရောက်ရှိလာမည့် လေကြောင်း ခရီးစဉ်များကို ယာယီရပ်ဆိုင်းထားခဲ့သည်။ ပြည်ပမှပြန်လည်ရောက်ရှိလာပြီး စောင့်ကြည့်စစ်ဆေးမှုခံယူရန် ပျက်ကွက်သော ထိုင်းနိုင်ငံသား ၁၅၂ ဦးကို ရှာဖွေရန် တာဝန်ရှိသူများအား ဝန်ကြီးချုပ်  ပရာယုချန်အိုချာက ညွှန်ကြားထားကြောင်း သိရသည်။

 

မလေးရှားနိုင်ငံ

ဧပြီ ၄ ရက် ဆေးမှတ်တမ်းများအရ မလေးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၅၀ ထပ်မံတွေ့ရှိသည့်အတွက် စုစုပေါင်းဗိုင်းရပ်စ်ကူးစက် လူနာ ၃၄၈၃ ဦးရှိပြီး သေဆုံးသူ ၅၇ ဦးရှိကြောင်း သိရသည်။

 

အင်ဒိုနီးရှားနိုင်ငံ

 

အင်ဒိုနီးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်လူနာစုစုပေါင်း ၂၀၉၂ ဦးရှိပြီး သေဆုံးသူ ၁၉၁ ဦးအထိ ရှိလာခဲ့ကြောင်း ဧပြီ ၄ ရက် ဆေးမှတ်တမ်းအရ သိရသည်။

 

ဗီယက်နမ်နိုင်ငံ

 

ဗီယက်နမ်နိုင်ငံက ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် ကန်ဒေါ်လာ သုံးသိန်းတန်ဖိုးရှိ ကျန်းမာရေးထောက်ပံ့ ပစ္စည်းများကို လာအိုနိုင်ငံသို့ ပေးပို့ခဲ့သည်။ အဆိုပါထောက်ပံ့ပစ္စည်းများတွင် နှာခေါင်းစည်း အခုရေ သုံးသိန်း ကျော်၊ တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံ ၁၀ဝ၀ နှင့် အခြားကာကွယ်ရေး ပစ္စည်းများပါဝင်သည်။

 

သြစတြေးလျနိုင်ငံ

 

သြစတြေးလျနိုင်ငံတွင် ကန်တာစ်နှင့်ဂျက်စတား လေကြောင်းလိုင်းမှ လေယာဉ်အမှုထမ်း ၅၀ ခန့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရကြောင်း ဧပြီ ၄ ရက် ဆေးမှတ်တမ်းများအရ သိရသည်။ ၎င်းတို့အနက် လေယာဉ်မှူး ရှစ်ဦး ပါဝင်သည်။

 

သြစတြေးလျအစိုးရက ဗိုင်းရပ်စ်ကာကွယ်ဆေးဆိုင်ရာ သုတေသန လုပ်ငန်းများအတွက် ကန်ဒေါ်လာ ၁၃၁ ဒသမ၉သန်း သုံးစွဲခွင့်ပြုထားသည်။

 

အိန္ဒိယနိုင်ငံ

 

အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနမှ ပြောကြားချက်အရ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေ အတွက်မှာ ၆၈ ဦးရှိပြီး ရောဂါ ကူးစက်မှုပေါင်း ၂၉၀၂ ခု ရှိသည်။

 

ပါကစ္စတန်နိုင်ငံ

 

ပါကစ္စတန်ကျန်းမာရေးဝန်ကြီးဌာနမှပြောကြားချက်အရ ကိုရိုနာဗိုင်းရပ်စ်  ကူးစက်မှုပေါင်း ၂၅၄၇ ခုရှိပြီး သေဆုံးသူပေါင်း ၃၇ ဦး ရှိကြောင်း သိရသည်။

 

အာဖဂန်နစ္စတန်နိုင်ငံ

 

ဧပြီ ၄ ရက် ဆေးမှတ်တမ်းများအရ အာဖဂန်နစ္စတန်နိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၅ ဦးထပ်မံတွေ့ရှိသည့်အတွက် စုစုပေါင်း ဗိုင်းရပ်စ် ကူးစက်လူနာ ၂၉၉ ဦးရှိပြီး တစ်ဦးထပ်မံသေဆုံးသည့်အတွက် သေဆုံးသူ ခုနှစ်ဦးရှိလာခဲ့ကြောင်း သိရသည်။

 

ဖီဂျီနိုင်ငံ

 

ဖီဂျီနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ငါးဦးထပ်မံတွေ့ရှိခဲ့သည့်အတွက် စုစုပေါင်းကူးစက်လူနာ ၁၂ ဦးရှိလာပြီဖြစ်သည်။

 

နယူးဇီလန်နိုင်ငံ

 

နယူးဇီလန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်လူနာ ၅၂ ဦး ထပ်မံတွေ့ရှိ သည့်အတွက် စုစုပေါင်း ကူးစက်လူနာ ၉၅ဝ ရှိလာပြီဖြစ်ကြောင်း ဧပြီ ၄ ရက် ဆေးမှတ်တမ်းအရ သိရသည်။