အာဖရိကဝက်အပြင်းဖျားရောဂါကာကွယ်

ယခုကာလတွင် သတ္တလောကကြီးအတွင်းဝယ် လူသတ္တဝါများ ကူးစက် ရောဂါဘေးများနှင့် ရင်ဆိုင်ကြုံတွေ့ နေရသည်ကို တွေ့ရသည်။ လူ၌ ကူးစက်တတ်သော ကိုရိုနာဗိုင်းရပ်စ် (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ ၂၆ နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည်။

ကမ္ဘာ့နိုင်ငံ ၂၆ နိုင်ငံ၌ ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါမှာ မြန်မာနိုင်ငံတွင် ကူးစက်ပျံ့နှံ့ဖြစ်ပွားခြင်းမရှိသေးသော်လည်း ကြိုတင်တားဆီး ကာကွယ်ကုသရေး လုပ်ငန်းများကို ထိထိရောက်ရောက် လုပ်ကိုင်ပေးနေသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် နောင်မွန်ကျေးရွာအုပ်စု နောင်မွန်ကျေးရွာ၌ သံသယဖြစ်ဖွယ် ဝက်ရောဂါဖြစ်ပွားမှုရှိခဲ့ရာ နာမကျန်းဝက်နှစ်ကောင်ကို ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုအရ အာဖရိကဝက်အပြင်းဖျားရောဂါပိုး မျိုးရိုးဗီဇအားတွေ့ရှိသဖြင့် ဖြစ်စဉ်အမှန်ကို တရားဝင် အသိပေးသတင်းထုတ်ပြန်ပေးထားပြီး လိုက်နာဆောင်ရွက်သင့်သည်တို့ကို ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။

အာဖရိကဝက်အပြင်းဖျားရောဂါသည် ယခင်ကအာဖရိကတိုက်နိုင်ငံ များရှိဝက်များတွင်သာဖြစ်ပွား ခဲ့သော်လည်း ၂၀၁၈ခုနှစ် ဩဂုတ်လမှစတင်၍ အိမ်နီးချင်းအာရှနိုင်ငံများတွင် ကူးစက်ပြန့်ပွားခဲ့သည်။ ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် မြန်မာနိုင်ငံရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ မိုင်းလား၊ မိုင်းယောင်း၊ မိုင်းဖြတ်မြို့နယ်များနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ပန်ဆန်းမြို့နယ်များတွင် အာဖရိကဝက်အပြင်းဖျားရောဂါဖြစ်ပွားခဲ့ပြီး ယခု လားရှိုးမြို့နယ် နောင်မွန်ကျေးရွာတွင် ဖြစ်ပွားခဲ့သည်။

အာဖရိကဝက်အပြင်းဖျားရောဂါသည် လူတို့အားကူးစက်တတ်သော -ရောဂါမဟုတ်သဖြင့် လူအများအနေဖြင့် စိုးရိမ်ဖွယ်ဖြစ်စရာအကြောင်း မရှိသော်လည်း အစားအသောက်နှင့်ပတ်သက်၍မူ ဘေးကင်းစိတ်ချရေးနှင့် အသားထုတ်လုပ်ရောင်းဝယ်မှုစီးပွားရေးလုပ်ငန်းများ မထိခိုက်ရေးအတွက်ကိုမူ သတိထားပြင်ဆင် ဆောင်ရွက်ကြ ရမည်ဖြစ်သည်။ အာဖရိကဝက်အပြင်းဖျား ရောဂါသည် ဗိုင်းရပ်စ်ရောဂါပိုးတစ်မျိုးဖြစ်၍ အိမ်မွေးဝက်များ၊ တောဝက်များတွင် သေဆုံးမှုမြင့်မားသောရောဂါဖြစ်ပြီး ကာကွယ်ဆေးနှင့် ကုသဆေး မရှိသေး သောကြောင့် ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။

ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ရောဂါ ဖြစ်ကြောင်းအတည်ပြုပြီးသည့် မွေးမြူရေးခြံအား သုတ်သင်ရှင်းလင်းခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ ရောဂါဖြစ်ဒေသမှ ဝက်နှင့် ဝက်ထွက်ပစ္စည်းများ တင်သွင်းမှုကိုကန့်သတ်တားဆီးပိတ်ပင်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ကြရမည်ဖြစ်သည်။ ရောဂါကျရောက်ဖြစ်ပွားမှု မရှိသေးသော ဒေသများသို့ ရောဂါကူးစက်ပျံ့နှံ့ခြင်းမရှိစေရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ထုတ်ပြန်သည့်အသိပေးနှိုးဆော်ချက်များကို လိုက်နာ ဆောင်ရွက်ကြ ရမည် ဖြစ်သည်။

ဝက်ခြံနှင့် သားသတ်ရုံတွင် ပုံမှန်ပိုးသတ်ဆေးဖျန်းခြင်း စနစ်တကျ ပြုလုပ်ရန်၊ အိမ်မွေးဝက်များကို ဝက်သား ပါသော စားကြွင်းစားကျန်များ ကျွေးမွေးခြင်းမပြုရန်၊ အခြားခြံမှအသုံးအဆောင်များ ငှားရမ်းအသုံး ပြုခြင်း မပြုရန်၊ လူဝင်လူထွက်ထိန်းချုပ်ရန်၊ သက်တူရွယ်တူဝက်များကိုသာ မွေးမြူ ခြင်းပြုရန်၊ အပူချိန်၊ စိုထိုင်းဆ၊ လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ရန်၊ ရောဂါဖြစ်ပွားနေသောနိုင်ငံမှ တရားမဝင်တင်သွင်းလာသော ဝက်အရှင်နှင့် ဝက်ထွက်ပစ္စည်းများကို တင်သွင်း၊ ရောင်းချ၊ စားသုံးခြင်းမပြုရန်၊ ရောဂါဖြင့် သေဆုံးသော ဝက်များကို မြစ်ချောင်းအင်းအိုင်များတွင် စွန့်ပစ်ခြင်းမပြုရန်၊ နာမကျန်း၍ သေဆုံးသည့်ဝက်ကို ရောင်းချခြင်း၊ ဝေငှခြင်း၊ စားသောက်ခြင်း မပြုရန်နှင့် စနစ်တကျမြေမြှုပ်ခြင်း၊ မီးရှို့ခြင်းပြုလုပ်ကြရန် အသိပေးနှိုးဆော် ထားသည့်အတိုင်း လိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ လူသတ္တဝါတို့၏ ကျန်းမာရေးကို အထူးဂရုစိုက်ရမည့် ကူးစက်ရောဂါအမျိုးမျိုးဖြစ်ပွားနေသော ယနေ့ကာလတွင် တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျန်းမာရေး၊ ရောဂါဘယကာကွယ်ရေးသာမက မိမိတို့ ပတ်ဝန်းကျင်ရှိ တိရစ္ဆာန်များ ရောဂါဘယကင်းဝေးကျန်းမာစေရေး လုပ်ငန်းများတွင်လည်း အသိတရားဖြင့် ဝိုင်းဝန်းလက်တွဲဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း။ ။

 အယ်ဒီတာ့အာဘော်