အာဖရိကဝက်အပြင်းဖျားရောဂါ မဖြစ်ပွားစေရေး ဇီဝလုံခြုံရေးကို အထူးဂရုပြုရန် လိုအပ်ဟုဆို

မုံရွာ  ၁၅  ဇူလိုင် 

 

မုံရွာခရိုင်အတွင်း အာဖရိက ဝက်အပြင်းဖျား ရောဂါမဖြစ်ပွားစေရေး ဇီဝလုံခြုံရေးကို အထူးဂရုပြုကြရန် လိုအပ်ကြောင်း မုံရွာခရိုင် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာသောင်းစိန်၏ ပြောကြားချက်အရ သိရသည်။

 

ယခုလက်ရှိအချိန်တွင် မုံရွာခရိုင်အတွင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အာဖရိက ဝက် အပြင်းဖျားရောဂါနှင့် ပတ်သက်ပြီး ကျေးရွာများတွင် အသိပညာပေးဟောပြောပွဲများ ပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ဇီဝလုံခြုံရေးနှင့်ပတ်သက်ပြီး အသိပညာပေးခြင်းများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

 

“ အာဖရိကဝက်အပြင်းဖျားရောဂါနဲ့ ပတ်သက်ပြီး ရောက်တဲ့နေရာတိုင်းမှာ စီးပွားဖြစ်/တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးသမားများကို အသိပညာပေးတာတွေ လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးတာတွေလုပ်ပေးနေတယ်၊ ထူးခြားမှုရှိရင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အသိပေးနိုင်သလို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွေကိုလည်း တိုက်ရိုက်လာပြီး အကြောင်းကြားပေးဖို့ပြောထားတယ်၊ လိုအပ်တဲ့ဇီဝလုံခြုံရေးကိုလည်း အထူးဂရုစိုက် ပြုလုပ်ထားကြဖို့လိုအပ်ပါတယ်၊ အခုလောလောဆယ် ဝက်တွေကိုအခြားမြို့တွေကို ပို့ဆောင်မယ် ဆိုရင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရဲ့ ဇီဝလုံခြုံရေးအတွက် စစ်ဆေးပြီးကြောင်း ထောက်ခံချက်ပါမှ မြို့ခြား ပို့ဆောင်ခွင့် အဝင်/အထွက်တွေ ထိန်းချုပ်မှုတွေလုပ်ဆောင်ထားပါတယ် ” ဟု မုံရွာခရိုင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာသောင်းစိန် ကပြောသည်။

 

အာဖရိကဝက် အပြင်းဖျားရောဂါသည် လူသို့ကူးစက်သော ရောဂါမျိုး မဟုတ်သော်လည်း ဝက်မွေးမြူရေးသမားများ ထိခိုက်ဆုံးရှုံးနိုင်ချေများနိုင်သော ရောဂါမျိုးဖြစ်ပြီး ရောဂါလက္ခဏာများအနေဖြင့် နာတာရှည်ကူးစက် ခံရသောဝက်များတွင် ခြေလက်အဆစ်ရောင်ခြင်း၊ အရေပြားအနာဖြစ်ခြင်း၊ အရေပြား(နားရွက်၊အမြှီး၊ဝမ်းဗိုက်) နီရဲခြင်း၊ ကိုယ်အပူချိန်မမှန်ခြင်း၊ ကိုယ်အလေးချိန်လျော့ကျခြင်း၊ ရုတ်တရက်ကူးစက်ခံရသော ဝက်များတွင် အရေပြားနီရဲခြင်း၊ ပန်းခရမ်းပြာရောင်ပြောင်းကာ ရုတ်တရက်သေဆုံးခြင်းတို့ ဖြစ်ပေါ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)