အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ၁၆ သင်းသို့ အိမ်ရှင်ကင်မရွန်း စောစီးစွာ တက်ရောက်

ဇန်နဝါရ   ၁၆

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ကင်မရွန်းနိုင်ငံက လက်ခံကျင်းပလျက်ရှိရာ အိမ်ရှင် ကင်မရွန်းအသင်းသည် ကြာသပတေးနေ့က ပွဲစဉ်(၂)အဖြစ် အီသီယိုးပီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သောကြောင့် အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲ ၁၆ သင်း အဆင့်သို့ ဆောလျင်စွာ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။

ကင်မရွန်းအသင်းသည် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ဘာကီနာဖာဆိုအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိထားသည်။ ထို့ကြောင့် အိမ်ရှင် ကင်မရွန်းအသင်းသည် နှစ်ပွဲကစားပြီး နှစ်ပွဲစလုံးနိုင်ပွဲရရှိထားသောကြောင့် အုပ်စုပွဲစဉ်များ မပြီးဆုံးမီ ၁၆ သင်းအဆင့်သို့ ဆောလျင်စွာ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ကင်မရွန်းအသင်းသည် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ အုပ်စု(A)တွင် ဘာကီနာဖာဆို၊ ကိတ်ဗာဒီ၊ အီသီယိုးပီးယားအသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး အုပ်စုအဆင့် နှစ်ပွဲယှဉ်ပြိုင် ကစားအပြီးတွင် ရမှတ် ခြောက်မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ထားသည်။

ကင်မရွန်းအသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဇန်နဝါရီ ၁၇ ရက်တွင် ကိတ်ဗာဒီအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

မိုးဇက်