ကဘူးလ် ၁၄ ဒီဇင်ဘာ
အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်၌ ဥပဒေပြု အမတ်တစ်ဦး၏ မော်တော်ကားတစ်စီးအား ပစ်မှတ်ထား ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံးနှစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။
ယနေ့ ဒေသစံတော်ချိန် နံနက် ၇ နာရီ မိနစ် ၅၀ တွင် ကဘူးလ်မြို့မြောက်ပိုင်းရှိခိုင်ရာခါနာမီနာဒေသ၌ ဥပဒေပြု လွှတ်တော်အမတ်မိုဟာမက်တော်ဖစ်ခ်ဝါဒက်၏လန်ခရူဆာ ကားဗုံးဖောက်ခွဲတိုက်ခိုက်ခြင်းခံခဲ့ရကြောင်းနှင့် အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုကြောင့် နှစ်ဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရရဲအရာရှိများက အတည်ပြု ပြောကြားခဲ့သည်။ အဆိုပါကားဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးအနက် မိုဟာမက်တော်ဖစ်ခ် ဝါဒက်၏ အစ်ကိုတစ်ဦးလည်း ပါဝင်ခဲ့ကြောင်း သိရသည်။
မိုဟာမက်တော်ဖစ်ခ်ဝါဒက်၏ မော်တော်ကားအား ဗုံးတပ်ဆင်ထားပြီးနောက် ချိန်ကိုက်ဗုံးခွဲခဲ့ခြင်းဖြစ်နိုင်ဖွယ် ရှိသည်ဟု ရဲအရာရှိများက ခန့်မှန်းပြောကြားခဲ့သည်။
အဆိုပါဗုံးခွဲတိုက်ခိုက်မှုကို မည်သည့်အဖွဲ့အစည်းက ကျူးလွန်ခဲ့သလဲဆိုသည်ကိုမူ မသိရသေးပေ။ လူဦးရေ ငါးသန်းနီးပါးနေထိုင်လျက်ရှိသော မြို့တော်ကဘူးလ်၌ အစိုးရဆန့်ကျင် အိုင်အက်စ်စစ်သွေးကြွအဖွဲ့များနှင့် တာလီဘန်အဖွဲ့တို့က အကြမ်းဖက်မှုများ မကြာခဏ ကျူးလွန်လျက်ရှိသည်။
အလားတူ ယမန်နေ့က ကဘူးလ်နိုင်ငံတကာလေဆိပ်ကို စစ်သွေးကြွများက ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သားတစ်ဦးသေဆုံးခဲ့ပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် လေယာဉ်တစ်စင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ကိုးကား-ဆင်”
ဘာသာပြန်-အောင်ကျော်ကျော်