အားကစားနှင့် ကာယပညာဦးစီးဌာန အရာထမ်း၊ အမှုထမ်းများအား ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်တားဆီးရေးနှင့် ပတ်သက်၍ အသိပညာပေးရှင်းလင်း 

နေပြည်တော်  ၂၆  နိုဝင်ဘာ

အားကစားနှင့် ကာယပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအား ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ် တားဆီးရေးနှင့်ပတ်သတ်၍ ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်း (SOP)အတိုင်း လိုက်နာဆောင်ရွက်ရန် အသိပညာ ပေးရှင်းလင်းပြောကြားခြင်း အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ယနေ့နံနက် ၁၀နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အပေါ်ထပ် အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အစည်းအဝေး၌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ လမ်းညွှန်းချက်ဖြင့် ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်း(SOP)အတိုင်း လိုက်နာ ဆောင်ရွက်ရန် အသိပညာပေးရှင်းလင်း ပြောကြားခြင်း အစည်းအဝေးကို ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အောက်ရှိဝန်ထမ်းများနှင့် ၎င်းတို့မိသားစုများတွင် ကိုဗစ်-၁၉ တွေ့ရှိမှုကို သိရှိနေရပါ ကြောင်း၊ သက်ဆိုင်ရာ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အရာထမ်းများ၊ အမှုထမ်းများအနေဖြင့် နိုင်ငံအဝန်း covid ရောဂါမပြန့်ပွားရေး၊ တားဆီးကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် အားတတ်သရော  ပူးပေါင်းပါဝင်ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ယခု ကျင်းပပြုလုပ်သော အသိပညာပေး ရှင်းလင်းပြောကြားခြင်း အစည်းအဝေးတွင် ပါဝင်သည့် လိုက်နာကျင့်သုံး ဆောင်ရွက်နေထိုင်ရမည့် အကြောင်းအရာများကို မိမိတို့ ပတ်ဝန်းကျင်နှင့်လက်အောက်ရှိ ဝန်ထမ်းများအား ပြန်လည်မျှဝေပေးရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အားကစားဆေးဘက်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦး၊  ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးနှင့် အားကစားနှင့် ဆေးဘက်ဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာထက်ဝေတို့က သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးနှင့် ပြည်နယ် ညွှန်ကြားရေးမှူးများ၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများမှ တင်ပြဆွေးနွေးရာတွင် မိမိတို့ ပတ်ဝန်းကျင်နှင့် သင့်လျော်မှုရှိသော ရောဂါကာကွယ် ထိန်းချုပ်တားဆီးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကျောင်းများပြန် လည်ဖွင့်လှစ်ရာတွင် ဆောင်ရွက်မည့် ကြိုတင်အစီအမံများ၊ အားကစား လေ့ကျင့်မှုပြုလုပ်ရာတွင် ဖြစ်ပေါ်လာနိုင်သော အခက်အခဲများနှင့် အခြားသိရှိလိုသည့် အကြောင်း အရာများကို တင်ပြဆွေးနွေးကြသည်။

ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက နိဂုံးချုပ်ပြောကြားရာတွင် ပြည်နယ်နှင့် တိုင်းများတွင် တာဝန်ထမ်းဆောင်နေကြသော အရာထမ်း၊ အမှုထမ်းများအနေဖြင့် သက်ဆိုင်ရာ ကျန်းမာရေးဌာနများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ မိမိပတ်ဝန်းကျင်နှင့် မိမိတို့၏ လုပ်ငန်းခွင်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လိုက်နာဆောင်ရွက်ရမည့် အသိပညာပေးအကြောင်းအရာများကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။ 

သတင်းစဉ်