အာဇာနည်ခေါင်းဆောင်ကြီး သခင်မြ

(၇၃)နှစ်မြောက် အာဇာနည်နေ့ အကြိုဆောင်းပါး


 

၁၈၉၇ ခုနှစ် အောက်တိုဘာလ ၇ ရက် ကြာသပတေးနေ့တွင် ပြည်ခရိုင် ထုံးဘိုမြို့၌ မွေးဖွားသည်။ အဖ သစ်ကုန်သည် ဦးဘိုးချွန်၊ အမိ ဒေါ်သက်လယ် ဖြစ်သည်။ မွေးချင်းနှမ မမြငွေ (သီလရှင် မခေမာဝတီ) တစ်ဦးသာရှိသည်။ ငယ်နာမည် မောင်မြရွှေ၊ နောင် မောင်မြတွင်သည်။ မောင်မြ သုံးနှစ်အရွယ်တွင် မိခင် ကွယ်လွန်ခဲ့သည်။

 

၁၉၀၃ ခုနှစ်တွင် ထုံးဘိုမြို့ ဆရာကြီး ဦးဘိုးစ၏ တိုင်းရင်းမြန်မာ မူလတန်းကျောင်း၌ စတင်ပညာသင်သည်။ ၄ တန်းအောင်သည့်အခါ သာယာဝတီမြို့ အေဘီအမ် အလယ်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ရာ ၃ တန်းမှ စတင်သင်ခဲ့ရသည်။ ၁၉၁၂ ခုနှစ်တွင် ၇ တန်းစာမေးပွဲကို စကော လားရှစ်ဖြင့်အောင်သည်။ ထို့နောက် ရန်ကုန်မြို့ ဘတ်ပတစ်အထက်တန်း ကျောင်းတွင် ၈ တန်း ပညာသင်သည်။ ၁၉၁၅ ခုနှစ်တွင် ၁၀ တန်းစာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့သည်။

 

သပိတ်မှောက်ကောင်စီတွင် ဒုတိယဥက္ကဋ္ဌအဖြစ်ဆောင်ရွက်

၁၉၁၅−၁၆ ခုနှစ်တွင် ရန်ကုန်ကောလိပ်သိပ္ပံ ဥပစာတန်း၌ ပညာသင်သည်။ ကောလိပ်ကျောင်းသားဘဝတွင် သူငယ်ချင်းများစုပေါင်း၍ “ကြည့်မြင်တိုင် စတုဒင့်ယူနီယံကလပ်” (Students's Union Club, 1916) ကို တည်ထောင်သည်။ ကလပ်တွင် ညနေပိုင်းအခမဲ့ အင်္ဂလိပ်စာသင်တန်းဆရာ၊ ၁၉၁၈−၁၉ ခုနှစ်တွင် ကလပ် အတွင်းရေးမှူးတာဝန်များ ဆောင်ရွက်၍ လူမှုရေး၊ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ၁၉၁၉ ခုနှစ်တွင် ရန်ကုန်ကောလိပ် ဘီအက်စ်စီ ဂုဏ်ထူးတန်းစာမေးပွဲ ကျရှုံးခဲ့သည်။ ၁၉၂၀ ပြည့်နှစ် ဂုဏ်ထူးတန်း ပြန်လည် တက်ရောက်နေစဉ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်သော ကျောင်းသားသပိတ်တွင် ခေါင်းဆောင်တစ်ဦး အဖြစ် ဦးဆောင်ခဲ့သည်။ သပိတ်မှောက်ကောင်စီတွင် ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ဗဟန်းအမျိုးသား ကောလိပ်မှ ဘီအက်စ်စီ (နေရှင်နယ်) ဘွဲ့ရသည်။

 

သင်္ချာပြဆရာအဖြစ် ဆောင်ရွက်

၁၉၂၀−၂၁ ခုနှစ်တွင် ဗဟန်းသပိတ်စခန်း စံပြအမျိုးသားကျောင်းဆရာ၊ အမျိုးသားကျောင်းများ စီမံအုပ်ချုပ်မှု ကော်မတီ တွဲဖက်အကျိုးဆောင်၊ ၁၉၂၁−၂၃ ခုနှစ်တွင် ကြည့်မြင်တိုင် အမျိုးသားအထက်တန်းကျောင်း အထက် တန်းပြဆရာအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၂၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ပြန်လည်တက်ရောက်သည်။ တက္ကသိုလ်အပျော်တမ်းတပ်ရင်းတွင် ပါဝင်ခဲ့သည်။ ၁၉၂၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘီအက်စ်စီ ဓာတုဗေဒ ဂုဏ်ထူးတန်းဘွဲ့ရသည်။ ၁၉၂၄−၂၆ ခုနှစ်တွင် ရန်ကုန်အစိုးရအထက်တန်းကျောင်း သိပ္ပံပြဆရာ၊ ရန်ကုန်တက္ကသိုလ် တကောင်းကျောင်းဆောင် လက်ထောက်အဆောင်မှူး၊ ၁၉၂၆ ခုနှစ်တွင် ရန်ကုန်မြို့မအထက်တန်းကျောင်း သင်္ချာပြဆရာအဖြစ် ဆောင်ရွက်သည်။ ၁၉၂၆ − ၂၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဥပဒေတန်းတက်ရောက်၍ ၁၉၂၇ ခုနှစ်တွင် ဘီအယ်လ် ဥပဒေဘွဲ့ရသည်။

 

၁၉၂၆ ခုနှစ် မတ်လတွင် သာယာဝတီခရိုင် အုတ်ဖိုမြို့မှ မြေပိုင်ရှင် အမိန့်တော်ရ ရှေ့နေ ဦးဘကျော်၊ ဒေါ်စိန်စိန်တို့၏သမီး မခင်ညွန့်နှင့် လက်ထပ်သည်။

 

၁၉၂၇ ခုနှစ်တွင် ဥပဒေဘွဲ့ရပြီး သာယာဝတီမြို့တွင် ဝတ်လုံတော်ရအဖြစ် လုပ်ကိုင်သည်။ ထိုသို့ဆောင်ရွက်နေစဉ် သာယာဝတီမြို့ ဗုဒ္ဓဘာသာ အမျိုးသားကျောင်း အုပ်ချုပ်ရေးအဖွဲ့ဝင်၊ သာယာဝတီခရိုင် စကောက်ကော်မရှင်နာ အဖြစ် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်သည်။ ၁၉၃၁ ခုနှစ်တွင် ဆရာစံနှင့် တောင်သူလယ်သမား ပုန်ကန်မှု ခေါင်းဆောင်များကို သာယာဝတီမြို့ အထူးခုံရုံး၌ အမှုစစ်ဆေးရာ တရားခံများဘက်မှ အစိုးရငှား ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးခဲ့သည်။ အစိုးရထံမှရသော ရှေ့နေခအားလုံးကို သာယာဝတီမြို့ ဆေးရုံကြီးကို ရေစက်ချ လှူဒါန်းခဲ့သည်။

 

တို့ဗမာအစည်းအရုံးဝင် သခင်မြအမည် ခံယူ

၁၉၃၄ ခုနှစ် ဧပြီလတွင် တို့ဗမာအစည်းအရုံး ဌာနချုပ်ခေါင်းဆောင် သခင်ဗစိန်၊ သခင်လေးမောင်၊ ရှင်အရိယ (ဦးဥတ္တမ၏ ညီ)တို့ တို့ဗမာဝါဒဖြန့်ရန် သာယာဝတီမြို့ကို ရောက်ရှိလာရာ ကူညီဧည့်ခံပြီး တို့ဗမာအစည်းအရုံးဝင် သခင်မြအမည်ကို ခံယူသည်။ ၁၉၃၅ ခုနှစ်တွင် သာယာဝတီစီရင်စု တို့ဗမာအစည်းအရုံး ဒုတိယဥက္ကဋ္ဌ၊ ၁၉၃၆ ခုနှစ် ဒုတိယအကြိမ် တို့ဗမာအစည်းအရုံးညီလာခံတွင် နိုင်ငံလုံးဆိုင်ရာ အမှုဆောင်အဖွဲ့ဝင်၊ ဌာနချုပ် အလုပ်အမှုဆောင် အဖြစ် ရွေးချယ်ခံရသည်။ ၁၉၃၆ ခုနှစ် ရွေးကောက်ပွဲတွင် တို့ဗမာအစည်းအရုံး၏ ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့မှ ဝင်ရောက်ယှဉ်ပြိုင်ရာ သာယာဝတီတောင်ပိုင်း ဥပဒေပြု အောက်လွှတ်တော်အမတ် ဖြစ်လာသည်။ လွှတ်တော် အမတ်လစာကို မယူခဲ့ချေ။ ၁၉၃၈ ခုနှစ် တတိယအကြိမ် တို့ဗမာအစည်းအရုံးညီလာခံက ဌာနချုပ် အလုပ်အမှုဆောင်၊ ရေနံမြေအလုပ်သမားများအရေးတော်ပုံ စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခံရ သည်။ ၁၉၃၈ ခုနှစ် ဇူလိုင်လတွင် တို့ဗမာအစည်းအရုံး နှစ်ခြမ်းကွဲရာ သခင်ကိုယ်တော်မှိုင်း နာယကအဖြစ် ဆောင်ရွက်သော တို့ဗမာအစည်းအရုံး၏ ဌာနချုပ်အလုပ်အမှုဆောင်၊ စာရင်းစစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။

 

လွှတ်တော်အမတ်အဖြစ် ရေနံမြေအလုပ်သမားများ၏ နစ်နာမှု၊ မတရားဖိနှိပ်ခံရမှုများကို လွှတ်တော်တွင် ပြင်းပြင်းထန်ထန် အရေးဆိုတင်ပြခဲ့ပြီး ကန့်ကွက်သောအားဖြင့် လွှတ်တော်အမတ်အဖြစ်မှ သခင်အံ့ကြီးနှင့်အတူ နုတ်ထွက်ခဲ့သည်။ ထို့နောက် ရေနံမြေအလုပ်သမားသပိတ်ကို ဌာနချုပ်အလုပ်အမှုဆောင်အဖြစ် ဦးဆောင်သည်။ ၁၉၃၉ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ရွှေတိဂုံဘုရား အလယ်ပစ္စယံတွင် ပထမဦးဆုံးဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ တောင်သူလယ်သမား အစည်းအရုံး၏ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ မြို့နယ်အသီးသီးတွင် တောင်သူ လယ်သမားအစည်းအရုံးများ ဖွဲ့စည်းခဲ့သည်။ တောင်သူလယ်သမား ခေါင်းဆောင် (ကေဒါ) သင်တန်းများ ဖွင့်လှစ်၍ လယ်သီးစားခ ပြဿနာနှင့် တောင်သူလယ်သမားရေးရာများ ပို့ချခဲ့သည်။

 

လွှတ်တော်အမတ်အဖြစ် ဆက်လက်ဆောင်ရွက်

၁၉၃၉ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် သာယာဝတီတောင်ပိုင်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပရာ သခင်ထွန်းအုပ်ခေါင်းဆောင်သော တို့ဗမာအစည်းအရုံးမှ သခင်ညီနှင့် ယှဉ်ပြိုင်အရွေးခံရာ အနိုင်ရပြီး လွှတ်တော် အမတ်အဖြစ် ဆက်လက်ဆောင်ရွက်သည်။ လွှတ်တော်တွင် အုပ်ချုပ်ရေးသစ်ကို ကန့်ကွက်သောအားဖြင့် လွှတ်တော်အစည်းအဝေးခန်းမသို့ ဘုရင်ခံဝင်ရောက်လာချိန်၌ ထိုင်သပိတ်မှောက်ခြင်း၊ လွှတ်တော်တွင် မြန်မာစကားဖြင့်သာ ပြောဆိုခြင်း၊ အလုပ်သမား၊ တောင်သူလယ်သမားအရေးများကို ရဲရဲဝံ့ဝံ့တင်ပြခြင်း၊ ၁၉၃၈ ခုနှစ် လူမျိုးရေးအဓိကရုဏ်း စုံစမ်းရေးအစီရင်ခံစာကို ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းများပြုလုပ်ခဲ့ရာ ၁၉၃၈ ခုနှစ် မတ်လ ၁ ရက် အင်္ဂါနေ့ လွှတ်တော်အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးချုပ် ဆာပေါ်ထွန်းက “သခင်မြသည် အလွန်အကျိုးအကြောင်းမျှတစွာ ဆက်ဆံတတ်သည့် ပုဂ္ဂိုလ်၊ သခင်မြလို သခင်မျိုးကိုတော့ ကျွန်တော်တို့က ကန်တော့ပွဲနှင့်တောင် ထားချင်ပါတယ် ” ဟု မြန်မာပြည် ဥပဒေပြုလွှတ်တော်မှတ်တမ်း၊ အတွဲ ၃ (၁၉၃၈)၊ စာမျက်နှာ ၁၆၃၆ တွင် မှတ်တမ်းတင်ခဲ့ပါသည်။

 

မော်လမြိုင်မြို့သို့ လျှို့ဝှက်တိမ်းရှောင်ခဲ့

၁၉၃၉ ခုနှစ် စတုတ္ထအကြိမ် တို့ဗမာအစည်း အရုံးညီလာခံက ဌာနချုပ် အလုပ်အမှုဆောင်အဖြစ် တာဝန်ပေးအပ် ခံရသည်။ ၁၉၃၉ ခုနှစ် စက်တင်ဘာလတွင် မြေအောက်လှုပ်ရှားမှု (ပြည်သူ့အရေးတော်ပုံပါတီ)ကို ဦးဆောင် ဖွဲ့စည်းခဲ့သည်။ ၁၉၃၉ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် ဗမာ့ထွက်ရပ်ဂိုဏ်း တည်ထောင်ရာ ဦးစီးအဖွဲ့ဝင်အဖြစ် ပါဝင်သည်။ ၁၉၄၁ ခုနှစ် မတ်လ ၁၀ ရက် ပဲခူးတွင်ကျင်းပသော နိုင်ငံလုံးဆိုင်ရာ တို့ဗမာအစည်းအရုံး အမှုဆောင် အစည်းအဝေးက တို့ဗမာအစည်းအရုံး၏ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခံရသည်။ ပါလီမန်အမတ်တစ်ဦးအား တို့ဗမာအစည်းအရုံး ဥက္ကဋ္ဌအဖြစ် မခန့်အပ်ရဟူသော စည်းမျဉ်းကိုချိုးဖျက်၍ နိုင်ငံရေး၊ စစ်ရေးအခြေအနေအရ တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ၁၉၄၁ ခုနှစ် မေလတွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့ ရခိုင်တိုင်းရင်းသား အဖွဲ့ချုပ် ကွန်ဂရက်ကို ဇနီးသည် သခင်မ မခင်ညွန့်နှင့်အတူ တက်ရောက်ခဲ့သည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် တို့ဗမာ အစည်းအရုံး မတရားအသင်းကြေညာခံရပြီး မော်လမြိုင်မြို့သို့ လျှို့ဝှက်တိမ်းရှောင်ခဲ့သည်။

 

၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်တွင် ကျောင်းသား ခေါင်းဆောင် ကိုလှမောင်နှင့်အတူ ယိုးဒယားနိုင်ငံ(ထိုင်း) ဘန်ကောက်မြို့သို့ သွားရောက်၍ မြန်မာ-ဂျပန် ဆက်သွယ်ရေးအရာရှိချုပ် ဗိုလ်မှူးကြီးဟီရာအိုကာနှင့် မြန်မာ့ လွတ်လပ်ရေးအတွက် ဆွေးနွေးခဲ့သည်။ ဂျပန်ခေတ် ၁၉၄၂ ခုနှစ် သြဂုတ်လ ၁ ရက်တွင် မြန်မာနိုင်ငံ အစိုးရအဖွဲ့ ပြည်ထဲရေးဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၄၃ ခုနှစ် မတ်လ ၁၁ ရက်တွင် ဒေါက်တာဘမော်၊ ဒေါက်တာ သိန်းမောင်၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးကျော်ငြိမ်းတို့နှင့်အတူ ဂျပန်ပြည်သွားရောက်ခဲ့သည်။ ၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက် ဂျပန်ခေတ် လွတ်လပ်ရေးပေးသောအခါ မြန်မာနိုင်ငံအစိုးရအဖွဲ့၏ ဒုတိယဝန်ကြီးချုပ် ဖြစ်လာ သည်။ ၁၉၄၅ ခုနှစ် ဧပြီလ ၂၃ ရက်တွင် ဂျပန်တပ်များ ရန်ကုန်မှဆုတ်ခွာရာ အဓိပတိ ဒေါက်တာဘမော်၊ သခင်နုတို့နှင့်အတူ လိုက်ပါ၍ မုဒုံ၌ ကျန်ရစ်သည်။

 

ဘဏ္ဍာရေးဌာနဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ယူခဲ့

၁၉၄၅ ခုနှစ် စက်တင်ဘာလ ၁ ရက်တွင် ဗမာပြည် ဆိုရှယ်လစ်ပါတီကို ဦးဆောင်တည်ထောင်၍ ဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။ ၁၉၄၆-၄၇ ခုနှစ်တွင် ဖဆပလ ဌာနချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်ယာယီအမျိုးသား အစိုးရအဖွဲ့၌ ပြည်ထဲရေးနှင့် တရားရေးဌာနဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီလတွင် အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုရန် လန်ဒန်သွား မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဧပြီလ တိုင်းပြုပြည်ပြု ရွေးကောက်ပွဲတွင် သာယာဝတီခရိုင် မဲဆန္ဒနယ်မှ ရွေးချယ်ခံရပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး ကော်မတီဥက္ကဋ္ဌ၊ တိုင်းပြုပြည်ပြုလွှတ်တော် ယာယီသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇွန်လ ၁၀ ရက်တွင် ဘဏ္ဍာရေးဌာနဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ယူခဲ့သည်။

 

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် စနေနေ့ ရန်ကုန်မြို့ အတွင်းဝန်များရုံးတွင် ဗိုလ်ချုပ်ဦးဆောင်၍ ဝန်ကြီးများ အစည်းအဝေး ကျင်းပနေစဉ် နံနက် ၁၀ နာရီ ၃၇ မိနစ်၌ မသမာသူများ လုပ်ကြံစဉ် အသက်ပေးခဲ့ရပါသည်။
ကွယ်လွန်ချိန်၌ ဇနီးဒေါ်ခင်ညွန့် ကျန်ရစ်သည်။  ။