အာဆင်နယ်မှ ထွက်သွားသည့် လက်ထောက်နည်းပြ ယွန်းဘတ်၏ နေရာကို ဘားကမ့်ဖြင့် အစားထိုးလိုနေသည့် နည်းပြ အာတီတာ

၂၆  ဩဂုတ်

အာဆင်နယ်နည်းပြ အာတီတာသည် အသင်းမှ ထွက်ခွာသွားပြီဖြစ်သော လက်ထောက်နည်းပြ ယွန်းဘတ်၏ နေရာကို အာဆင်နယ်ဂန္ထဝင်ကစားသမား တစ်ဦးဖြစ်သူ ဒင်းနစ်ဘားကမ့်ဖြင့် အစားထိုးလိုနေကြောင်း သတင်းများတွင် ဖော်ပြထားသည်။

အသက် ၅၁ နှစ်အရွယ်ရှိ ဘားကမ့်သည် အာဆင်နယ်အသင်းတွင် ၁၉၉၅ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း ၁၁ နှစ်ကြာ ကစားခဲ့ပြီး ပြိုင်ပွဲအရပ်ရပ် ၄၂၃ ပွဲ ပါဝင်ကစားခဲ့ကာ ဂိုး ၁၂၀ သွင်းယူပေးထားသူဖြစ်သည်။ ၎င်းသည် အာဆင်နယ်အသင်းနှင့်အတူ ၁၉၉၇-၉၈ ခုနှစ်၊ ၂၀၀၁-၀၂ ခုနှစ်နှင့် ၂၀၀၃-၀၄ ခုနှစ်တို့တွင် ပရီမီယာလိဂ်အမှတ်ပေးဖလားကို ဆွတ်ခူးရရှိထားသူဖြစ်ပြီး အက်ဖ်အေဖလားကို ၂၀၀၁-၀၂ ခုနှစ်၊ ၂၀၀၂-၀၃ ခုနှစ်နှင့် ၂၀၀၄-၀၅ ခုနှစ်တို့တွင် ဆွတ်ခူးရရှိထားသည်။ ဘားကမ့်သည် ဘောလုံးကစားခြင်းမှ အနားယူပြီးနောက်တွင် အသင်းဟောင်းဖြစ်သည့် အိုင်းယက်စ်အသင်းတွင် လက်ထောက်နည်းပြအဖြစ် ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

နည်းပြ အာတီတာသည် ကနဦးတွင် ၎င်း၏ အာဆင်နယ်ကွင်းလယ် ကစားဖော်ဟောင်းတစ်ဦးဖြစ်သည့် ကာဇိုလာကို နည်းပြအဖွဲ့ဝင်အဖြစ် ထည့်သွင်းရန် စဉ်းစားခဲ့ကြောင်း သိရသည်။ သို့သော်လည်း စပိန်ကစားသမား ကာဇိုလာက ကာတာကလပ် အယ်ဆတ်အသင်းသို့ ပြောင်းရွှေ့သွားသည့် အတွက် အစီအစဉ်မှာ ပျက်ပြယ်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ဘားကမ့်သည် လက်ထောက်နည်းပြအဖြစ် အိုင်းယက်စ်အသင်းမှ ထွက်ခွာပြီး သုံးနှစ်အကြာတွင် အယ်မယ်ရီစီးတီးအသင်းတွင် အပျော်တမ်း နည်းပြလုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် ၎င်းသည် နည်းပြလောကထဲသို့ ပြန်လည်ဝင်ရောက်လုပ်ကိုင်ဖို့ စိတ်ဝင်စားနေပြီး အာဆင်နယ်အသင်းထံသို့ ပြန်လာချင်နေကြောင်း ထုတ်ဖော်ပြောကြား ထားသည်။ ဘားကမ့်သည် မိခင်နိုင်ငံ နယ်သာလန်အသင်းတွင် ၇၉ ပွဲ ပါဝင်ကစားထားပြီး ၃၇ ဂိုး သွင်းယူပေးထားနိုင်သူဖြစ်သည်။

နည်းပြ အာတီတာ၏ အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်ရာသီ ပရီမီယားလိဂ်တွင် ၃၈ ပွဲကစားရာ ၁၄ ပွဲသာ နိုင်ပွဲရပြီး ၁၄ ပွဲသရေကျကာ ၁၀ ပွဲအထိ ရှုံးနိမ့်ထားသည့်အတွက် ရာသီပိတ်သိမ်းချိန်တွင် အဆင့် (၈) နေရာတွင်သာ ရပ်တည်ထားနိုင်သည်။ သို့သော်လည်း အာတီတာသည် ဩဂုတ် ၁ ရက်က ဝင်ဘလေ အားကစားကွင်းကြီး၌ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၁၉-၂၀ အက်ဖ်အေဖလားဗိုလ်လုပွဲတွင် ပြိုင်ဘက် ချယ်လ်ဆီးအသင်းကို အူဘာမီယန်၏ သွင်းဂိုးနှစ်ဂိုးနှင့်အတူ နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိကာ အက်ဖ်အေဖလားကို ၁၄ ကြိမ် ရရှိအောင် စွမ်းဆောင်ပေးထားနိုင်သည့် နည်းပြတစ်ဦး ဖြစ်သည်။ အာဆင်နယ်အသင်းသည် ပရီမီယာလိဂ်ရာသီ ပိတ်သိမ်းချိန်တွင် အဆင့် (၈) နေရာဖြင့်သာ အဆုံးသတ်နိုင်ခဲ့သော်လည်း အက်ဖ်အေဖလား ဆွတ်ခူးနိုင်ခဲ့သည့်အတွက် လာမည့်နှစ်ယူရိုပါလိဂ်ဝင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းသည် ဩဂုတ် ၂၉ ရက် စနေနေ့တွင် ပရီမီယာလိဂ် ကန့်လန့်ကာအဖွင့် ကွန်မြူနတီဒိုင်းလုပွဲအဖြစ် လီဗာပူးအသင်းနှင့် ယှဉ်ပြိုင် ကစားသွားရမည်ဖြစ်သည်။

အောင်ဇော်