အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည်

၁၅ ဇန်နဝါရီ

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အကြိမ် (၂၀) မြောက် အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ယင်းပြိုင်ပွဲကို ဇွန်လတွင်ကျင်းပရန် စီစဉ်ထားပြီး အားကစားနည်း ၂၅ မျိုး ပါဝင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ယင်းပြိုင်ပွဲတွင် အားကစားနည်းငါးမျိုး၌ ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားပြီး ဘောလုံး၊ မြားပစ်၊ ဝူရှူး၊ ကရာတေးနှင့် ပိုက်ကျော်ခြင်းအားကစားနည်းတို့တွင် ယှဉ်ပြိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲယှဉ်ပြိုင်ရန် ပညာရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များက ပြိုင်ပွဲယှဉ်ပြိုင်ရန် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ အသက် ၁၈ နှစ် ၂၆ နှစ်ကြားရှိ တက္ကသိုလ်တစ်ခုခုတွင် ပညာသင်ကြားနေသူများ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ရန်လျာထားသည့် အားကစားနည်းများတွင် လက်ရွေးစင်ကစားသမားအချို့လည်း ပါဝင်လာမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာအားကစားသမားများအနေဖြင့် စခန်းဝင်လေ့ကျင့်နိုင်ခြင်းမရှိသေးဘဲ အမြန်ဆုံးလေ့ကျင့်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

၂၀၁၈ ခုနှစ် ၁၉ ကြိမ်မြောက် အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး မြန်မာတက္ကသိုလ်အားကစားအဖွဲ့က ရွှေ ၂၄ ခု၊ ငွေ ၂၆ ခု၊ ကြေး ၂၉ ခု ဆွတ်ခူးရရှိခဲ့သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်