အာဆီယံနိုင်ငံများရှိ ရုပ်ရှင်ထုတ်လုပ်ရေးများ၏ မျက်စိကျခြင်းခံလာရသူ ပိုင်တံခွန်နှင့် တွေ့ဆုံခြင်း

၄ ဇန်နဝါရီ

 

ထိုင်းနိုင်ငံရှိ အမျိုးသမီးပရိသတ်များ၏ လက်ခံအားပေးမှုကို အခိုင်အမာရရှိထားသူ သရုပ်ဆောင် ပိုင်တံခွန်က လက်ရှိအချိန်တွင် အာရှနိုင်ငံများ၏ ထိပ်တန်း ရုပ်ရှင်ထုတ်လုပ်ရေးများစွာက မျက်စိကျသော သရုပ်ဆောင်တစ်ဦးလည်း ဖြစ်လာလျက်ရှိသည်။ ယခု ဆိုလျှင် ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံမှ ရုပ်ရှင်ကုမ္ပဏီတို့ ပူးပေါင်းပြီး သရုပ်ဆောင် ပိုင်တံခွန်ကို အဓိကဇာတ်ဆောင်နေရာမှ ထား၍ ကမ္ဘောဒီးယား သရုပ်ဆောင်များဖြင့် ဇာတ်ကားရိုက်ကူးရန် စာချုပ်ချုပ်ထားပြီးဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအတိုင်းအတာ ကို ကျော်လွန်၍ အာဆီယံနိုင်ငံများတွင်ပါ ကျော်ကြားလာသူ ပိုင် တံခွန်နှင့် တွေ့ဆုံ၍ ဆက်လက်လှုပ်ရှားမည့် အနုပညာလုပ်ငန်းများ အကြောင်း မေးမြန်းဖြစ်ခဲ့သည်။

 

မေး။ ။ညီလေးရေ ဂုဏ်ယူပါတယ်နော်၊ ထိုင်းနိုင်ငံအပြင် အခုဆို ကမ္ဘောဒီးယားနိုင်ငံနဲ့ပါ ဇာတ်ကားတွေ ရိုက်ကူးတော့မယ်လို့သိရတယ်။ အဲဒီအကြောင်း‌ပြောပြပါဦး။

 

ဖြေ။ ။ဟုတ်အစ်ကို ကျေးဇူးပါဗျာ၊ LD Picture Production နဲ့ Real Bros production တို့ နှစ်ခုပေါင်းစည်းပြီးလုပ်တဲ့ The Clock : Red Wall ရုပ်ရှင်ကားမှာ ကျွန်တော့်ကို မိန်းအက်တာ အနေနဲ့ သရုပ်ဆောင်ပေးဖို့ ကမ်းလှမ်းတယ်၊ ဇာတ်ကားရဲ့ ဒုတိယပိုင်း မှာ ကမ်းလှမ်းတာပါ။ ကမ္ဘောဒီးယားနဲ့ မြန်မာ ပေါင်းလုပ်တဲ့ရုပ်ရှင်မှာ ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာတယ်၊ ကျွန်တော့်ကို အားပေးနေတဲ့ ပရိသတ် စိတ်မပျက်ရအောင် အကောင်းဆုံး ကြိုးစားပါ့မယ်၊ ဒီဇာတ် ကားကို ဘယ်လိုကြောင့် လက်ခံဖြစ်သွားလဲဆိုတော့ ဒီကားက ရုပ်ရှင် ဇာတ်လမ်းအနေနဲ့လည်း ကောင်းတယ်၊ ကာရိုက်တာ အနေနဲ့လည်း ကောင်းတယ်၊ ပြီးတော့ ရိုက်ချက်တွေကလည်း ကောင်းတယ်။ International ကို ထိုးဖောက်လို့ရမယ့်ကားလေးလည်းဖြစ်တယ်၊ တကယ်ကောင်းတဲ့ ကားလေးမို့လည်း ရွေးချယ်ပြီး လက်ခံဖြစ်တာပါ။

 

မေး။ ။ဒီကားအတွက် ပြင်ဆင်မှုတွေရော ဘာတွေ လုပ်ထားလဲ။

 

ဖြေ။ ။ကျွန်တော်က မော်ဒယ်တစ်ဦးပါ၊ သရုပ်ဆောင်မဟုတ်ပါဘူး၊ အဲဒါကြောင့် ကျွန်တော့်မှာ အားနည်းချက်အနည်းငယ်တော့ရှိနေပါတယ်၊ ဒါကိုလည်း ပရိသတ်တွေက ကျွန်တော်အပေါ် နားလည် ပေးနိုင်မယ်ထင်ပါတယ်၊ ဒါပေမယ့် ကျွန်တော် ဇာတ်ကားတွေပဲ ရိုက်ရိုက်၊ ကြော်ငြာပဲ သရုပ်ဆောင်ဆောင်၊ ကျွန်တော့်အပေါ် ဝိုင်းဝန်း ပြသပေးကြတဲ့ အနုပညာ မောင်နှမတွေ အများကြီး ရှိနေသလို ဒါရိုက် တာတွေလည်း ရှိကြပါတယ်၊ အခု ကျွန်တော်လည်း ရိုက်ကွင်းတွေ ရောက်ရင် သရုပ်ဆောင်ပီပြင်ဖို့ လေ့ကျင့်တာမျိုးတွေ ကြိုးစားလုပ် ဆောင်နေပါတယ်၊ ဒါရိုက်တာ အစ်ကိုတွေကိုလည်း ကျွန်တော့်ကို သင်ပေးပါ၊ ပြောပြပါဆရာဆိုပြီး ကျွန်တော့် ဘေးကနေ ဆက်တိုက် နားပူအောင်ပြောတယ်။

 

မေး။ ။ တိရစ္ဆာန်လေးတွေ မွေးထားတာကရော ဘယ်လိုလဲ။

 

မေး။ ။ကျွန်တော့်ဆီမှာ ခွေးရော ကြောင်ရော တိရစ္ဆာန်ပေါင်းစုံ ရှစ် ကောင်၊ ကိုးကောင်လောက် ရှိတယ်။ ကျွန်တော်က အကုန်ချစ်တယ်၊ အခုက ကျွန်တော်ဆောက်နေတဲ့အိမ်က မပြီးသေးတော့ တိရစ္ဆာန်ထားလို့မရလို့ အခုလက်ရှိ အခန်းထဲမှာပဲ သူ့အကန့်နဲ့သူ ထားထားရတယ်။ အိမ်ပြီးသွားရင်တော့ တိရစ္ဆာန်ဥယျာဉ်ဖွင့်မယ်။ လာကြည့်နော်။

ကိုလင်း