အာဆီယံ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲကို ၂၀၂၀ ပြည့်နှစ်တွင် ပြန်လည်ကျင်းပမည်

၁၁ နိုဝင်ဘာ

 

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် အာဆီယံ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲကို  ၂၀၂၀ ပြည့်နှစ်တွင် ပြန်လည်ကျင်းပရန်  စီစဉ်ထားသည်။

 

ယင်းပြိုင်ပွဲကို ၂၀၁၄ ခုနှစ်က တစ်ကြိမ်သာ ကျင်းပဖူးသော်လည်း ခြောက်နှစ်အကြာတွင် တစ်ကျော့ပြန်ကျင်းပခြင်းဖြစ်ပြီး ဖေဖော်ဝါရီ/မတ်လတွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ၂၀၂၀ ပြည့်နှစ်တွင် ယှဉ်ပြိုင်ရမည့် အာဆီယံ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲအပါအဝင် အခြားနိုင်ငံတကာပြိုင်ပွဲများအတွက် လေ့ကျင့်ပြင်ဆင်ရန် စီစဉ်လျက်ရှိသည်။   မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် လက်ရှိရွေးချယ်ထားသည့် ကစားသမားများကို ပြန်လည်အခြေခံကာ ဖွဲ့စည်းမည်ဖြစ်ပြီး နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းကပင် ဆက်လက်တာဝန်ယူသွားဖွယ် ရှိနေသည်။ လက်ရှိဖွဲ့စည်းထားသည့် ယူ-၁၉ အမျိုးသမီးအသင်းမှ ကစားသမားများမှာ အသက် ၁၆၊ ၁၇ နှစ်ဝန်းကျင် ကစားသမားအများစု ပါဝင်နေသောကြောင့် ယင်းကစားသမားအများစုဖြင့်ပင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်း၏ လေ့ကျင့်ပြင်ဆင်မည့် အစီအစဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီနှင့် ပြန်လည်ညိနှိုင်းသွားမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ထိုင်းနိုင်ငံ၌ ကျင်းပသည့် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယင်းပြိုင်ပွဲအပြီးတွင် လေ့ကျင့်မှုခေတ္တရပ်နား ထားသော်လည်း လာမည့်နှစ်တွင် ယှဉ်ပြိုင်ရမည့်ပြိုင်ပွဲများအတွက် ပြန်လည်လေ့ကျင့်သွားမည်ဖြစ်သည်။

 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ၂၀၁၈ ခုနှစ်တွင် ယှဉ်ပြိုင်ခဲ့သည့် အာရှ ယူ-၁၉ ပထမအဆင့်ခြေစစ်ပွဲနှင့် ၂၀၁၉ ခုနှစ်အတွင်း ယှဉ်ပြိုင်ခဲ့သည့် အာရှ ယူ-၁၉ ဒုတိယအဆင့်ခြေစစ်ပွဲတို့တွင် ရလဒ်ကောင်းများ ရယူနိုင်ခဲ့ပြီး နောက်ဆုံးအဆင့်တွင် အာရှထိပ်သီးအသင်းများဖြစ်သည့် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားအသင်းတို့နှင့် တွေ့ဆုံခဲ့ပြီး အရေးနိမ့်ခဲ့သော အလားအလာရှိသည့်အသင်းဟု သတ်မှတ်ထားခြင်းဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်