အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကို သတ်မှတ်ရက်အတိုင်း ကျင်းပနိုင်ရန် ကြိုးပမ်းနေ

၃၁ မတ်

 

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် နှစ်ကုန်ပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည့် ၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ ကို သတ်မှတ်ရက်အတိုင်း ကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး အရှေ့တောင်အာရှနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ပါက သတ်မှတ်ထားသည့်ရက်အတိုင်း ကျင်းပနိုင်မည်ဖြစ်သည်။


၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကို နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိ ကျင်းပနိုင်ရန် စီစဉ်ထားပြီး အာဆီယံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် သြဂုတ်အထိ ကျင်းပရန်ရှိသည့် ပြိုင်ပွဲအချို့ကို ရွှေ့ဆိုင်းထားသော်လည်း နှစ်ကုန်ပိုင်းတွင် ကျင်းပမည့်ပြိုင်ပွဲများကိုမူ ယခင်သတ်မှတ်ထားသည့် ရက်အတိုင်းကျင်းပနိုင်ရန် မျှော်မှန်းထားခြင်း ဖြစ်သည်။

 

အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ၁၉၉၆ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး နှစ်နှစ်လျှင် တစ်ကြိမ်ကျင်းပသည့် ပြိုင်ပွဲဖြစ်ကာ ၂၀၀၆ ပြိုင်ပွဲတစ်ကြိမ်သာ မကျင်းပနိုင်ခဲ့ဘဲ ယင်းနှစ်အစား ၂၀၀၇ ခုနှစ်သို့ ပြောင်းလဲကျင်းပခဲ့သည်။ ယင်းပြိုင်ပွဲကို ဆူဇူကီးကုမ္ပဏီက စပွန်ဆာအဖြစ် ဆက်လက်ပံ့ပိုးကူညီမည်ဖြစ်ပြီး ၂၀၀၈ ခုနှစ်ကတည်းက ပံ့ပိုးကူညီခဲ့ခြင်း ဖြစ်သည်။

 

အာဆီယံဒေသတွင်း၏ အဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်သည့် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကို ယခုနှစ်တွင် (၁၃) ကြိမ်မြောက် ကျင်းပမည်ဖြစ်ကာ ထိုင်းအသင်းက ချန်ပီယံဆုငါးကြိမ်ဖြင့် အအောင်မြင်ဆုံးအဖြစ် ရပ်တည်နေကာ စင်ကာပူအသင်းက လေးကြိမ်၊ ဗီယက်နမ်အသင်းက နှစ်ကြိမ်၊ မလေးရှားအသင်းက တစ်ကြိမ် ဗိုလ်စွဲထားသည်။

 

မြန်မာအသင်းမှာမူ အကြိမ်တိုင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အမြင့်ဆုံးရပ်တည်မှုအဖြစ် ဆီမီးဖိုင်နယ်သို့ နှစ်ကြိမ်သာ တက်ရောက်နိုင်ခဲ့သည်။

 

မြန်မာအသင်းသည် ၂၀၀၄ နှင့် ၂၀၁၆ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီး ဗိုလ်လုပွဲသို့ တစ်ကြိမ်မျှ တက်ရောက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ် အာဆီယံဆူဇူကီး
ဖလားပြိုင်ပွဲကို ၂၀၁၈ ပြိုင်ပွဲပုံစံအတိုင်း ကျင်းပမည်ဖြစ်ပြီး ငါးသင်းနှစ်အုပ်စုခွဲကာ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

ပြိုင်ပွဲဝင်တစ်သင်းလျှင် အုပ်စုလေးပွဲကို အိမ်ကွင်း နှစ်ပွဲ၊ အဝေးကွင်း နှစ်ပွဲကစားရမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ်အတွင်း အဓိကပြိုင်ပွဲ ယှဉ်ပြိုင်ရခြင်းမရှိသေးဘဲ မတ်နှင့် ဇွန်လတွင် ကစားရမည့် ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲများကိုလည်း ရွှေ့ဆိုင်းထားသောကြောင့် အောက်တိုဘာနောက်ပိုင်း
မှသာ အစောဆုံး ပြန်လည်ကစားရမည်ဖြစ်သည်။ ထို့ကြောင့် နှစ်ကုန်ပိုင်းတွင် ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်