(၉)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား

နေပြည်တော် ၁၃ ဩဂုတ်

 

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုကော်မတီဝင် နိုင်အောင်မငေးတို့သည် ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I) ရှိ သန္တာခန်းမ၌ သတင်းမီဒီယာများနှင့်တွေ့ဆုံ၍ (၉)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

တွေ့ဆုံပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ (၉)ကြိမ်မြောက် JICM အစည်းအဝေးတွင် သဘောတူညီချက် ၇ ချက် ရရှိခဲ့ပါကြောင်း၊ ယခင်ကျင်းပခဲ့သည့် (၈)ကြိမ်မြောက် JICM  ဆုံးဖြတ်ချက်များကို မိမိတို့ ၈ လတာအတွင်း ညှိနှိုင်းဆွေးနွေးမှု ဆောင်ရွက်ခဲ့သည့်အတွက် ယခုကဲ့သို့ သဘောတူညီချက်များ ရရှိခဲ့ခြင်းဖြစ်ပါကြောင်း၊  ယင်းသဘောတူညီချက်များကို UPDJC အစည်းအဝေးသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ပြီး ညီလာခံတွင် လက်မှတ်ရေးထိုးချုပ်ဆိုမည် ဖြစ်ပါကြောင်း၊ ညီလာခံတွင် လက်မှတ်ရေးထိုးမည့်  ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)သည် မိမိတို့ ယခင်က လက်မှတ်ရေးထိုးခဲ့သည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)၊ အစိတ်အပိုင်း (၂)တို့နှင့်မတူပါကြောင်း၊ လက်တွေ့အဆင့်လိုက်သွားမည့် အကောင်အထည်ဖော်မှုများကိုပါ မိမိတို့ သဘောတူနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဒီမိုကရေစီကူး ပြောင်းရေးအဆင့် သုံးဆင့်နှင့် ဖက်ဒရယ်ကူးပြောင်းရေး အဆင့်သုံးဆင့်ကို ခြုံငုံစဉ်းစားပြီး အားလုံးက ရေးဆွဲထားခြင်းဖြစ်ပါကြောင်း။

 

ဆွေးနွေးညှိနှိုင်းမှုနှင့် အကောင်အထည်ဖော်မှုတွင်လည်း အဆင့်သုံးဆင့်ဖြင့်သွားပါကြောင်း၊ ပထမအဆင့်အနေဖြင့် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းသည့်အဆင့်၊ ဒုတိယအဆင့်အနေဖြင့် နည်းပညာအရ ဆွေးနွေးညှိနှိုင်းသည့်အဆင့်၊ တတိယအဆင့်အနေဖြင့် အကောင်အထည်ဖော်သည့် အဆင့်တို့ ဖြစ်ပါကြောင်း၊ ဥပမာ ဖက်ဒရယ်နှင့်ပတ်သက်၍ အချက်တစ်ချက် သဘောတူညီချက်ရပြီ ဆိုပါက ပထမအဆင့်တွင် မည်သို့သွားမည်ကို စဉ်းစားပြီး သဘောတူညီချက်ရယူမည် ဖြစ်ပါကြောင်း၊ နိုင်ငံရေးသဘောတူညီချက် မူတစ်ခုရပြီဆိုပါက နည်းပညာအရ လုပ်ငန်းစဉ်အပိုင်းများကို ပြန်ပြီးဆွေးနွေးရပါကြောင်း၊ ဆွေးနွေးပြီး အကောင်အထည်ဖော်သည့်အဆင့်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပါ တစ်ပါတည်းပါသည့် သဘောဖြစ်ပါကြောင်း။

 

ထို့ကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အဖွင့်အမှာစကားတွင် ပြောကြားသွားသည့်အတိုင်း ပြည်ထောင်စုသဘောတူစာချုပ်သည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက်လည်း ခြုံငုံပါကြောင်း၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်လည်း ခြုံငုံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်လည်း ခြုံငုံမိပါကြောင်း၊ ထို့ကြောင့် လက်တွေ့ကျကျ၊ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းစဉ်နှင့် အကောင်အထည်ဖော်မှုများ ရရှိခဲ့သည့်အတွက် ထူးခြားပြီး သိသာထင်ရှားသည့် ရလဒ်ကောင်းတစ်ခုဟု ရှုမြင်ပါကြောင်း။

 

ယနေ့တွင် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည်နှစ်အထိ ကာလတွင် JICM အစည်းအဝေးတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် နှစ်ဖက်သော ခေါင်းဆောင်များကို ငြိမ်းချမ်းရေး ဦးဆောင်သူများဆု ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခဲ့ပါကြောင်း၊ အလားတူ လာမည့် UPDJC အစည်းအဝေးတွင်လည်း ၂၀၁၆  ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် ကာလအတွင်း UPDJC တွင် ပါဝင်ဆောင်ရွက်ခဲ့သူအားလုံး ၄၈ ဦးရှိပါကြောင်း၊ ယင်း ၄၈ ဦးကို ငြိမ်းချမ်းရေးဖော်ဆောင်သူများ ဆုတံဆိပ်ကို အပ်နှင်းမည်ဖြစ်ပါကြောင်း၊ ထို့ပြင်  ceasefire အပိုင်းတွင် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် ကာလအတွင်း JMC-U တွင် ပါဝင်ဆောင်ရွက်ခဲ့သည့် EAO နှင့်အစိုးရ ခေါင်းဆောင်များကိုလည်း ဆုချီးမြှင့်သွားမည်ဖြစ်ပါကြောင်း၊ ယင်းဆုတံဆိပ်ကို ငြိမ်းချမ်းရေး ထိန်းသိမ်းသူများ ဆုတံဆိပ်ဟု အမည်ပေးထားပါကြောင်း။

 

ယင်းဆုတံဆိပ်များကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က NRPC ဥက္ကဋ္ဌအနေဖြင့် ချီးမြှင့်မည်ဖြစ်ပါကြောင်း၊ အဓိကချီးမြှင့်ရခြင်း အကြောင်းရင်းသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိဂုံးချုပ်အမှာစကားတွင် ပါရှိသကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ခက်ခဲပါကြောင်း၊  ခက်ခဲသည့်အကြားက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပျောက်သွားလု နည်းပါးဖြစ်နေသည့် အနေအထားမှ NCA လမ်းကြောင်းပေါ်တွင် မပျောက်မပျက် ဆက်ပြီးတည်ရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများ အားလုံးကို ၎င်းတို့၏ ဆောင်ရွက်သည့် နယ်ပယ်အလိုက် ဆုတံဆိပ်ချီးမြှင့်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုကော်မတီဝင် နိုင်အောင်မငေးက (၉)ကြိမ်မြောက် JICM အစည်းအဝေးတွင် သဘောတူညီချက် ၇ ချက် ရရှိခဲ့ပါကြောင်း၊ ယင်း သဘောတူညီချက်များသည် ပြီးခဲ့သည့် (၈)ကြိမ်မြောက် JICM အစည်းအဝေး၏ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန်အတွက် ကြိုးစားခဲ့သည့် သဘောတူညီချက်များဖြစ်ပါကြောင်း။

 

သဘောတူညီချက် ၁ သည် ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၂ ရက်နေ့တွင် ကျင်းပသည့် အစိုးရနှင့် NCA-s EAO ၏ ညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် အကြောင်းအရာနှင့် ဆွေးနွေးမှုပုံစံ သဘောတူညီချက်များ ဖြစ်ပါကြောင်း၊ အဓိကအားဖြင့် NCA အခန်း(၃) နှင့် အခန်း(၄)တွင် ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ လုပ်ငန်းစဉ်စိစစ်ပြီး တစ်ဖွဲ့ချင်း မည်သို့ဆွေနွေးရမည်၊ စုပေါင်းပြီး မည်သို့ဆွေးနွေးရမည်ဆိုသည့်အပိုင်းကို သဘောတူညီသည့်အပိုင်း ဖြစ်ပါကြောင်း။

 

သဘောတူညီချက် ၂ သည် ပြည်ထောင်စုစာချုပ်အစိတ်အပိုင်းတွင် အပိုင်း ၃ ခုခွဲပြီး သဘောတူထားပါကြောင်း၊ အပိုင်း ၁ သည် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် ၁၅ ချက် ရရှိခဲ့ပါကြောင်း၊ အပိုင်း ၂ တွင် ၂၀၂၀ အလွန် အစုလိုက် လုပ်ငန်းစဉ်နှင့် အဆင့်အလိုက် အကောင်အထည်ဖော်မှုတွင် ဇယား ၁ ခေါင်းစဉ်ကြီး ၈ ခုကို သဘောတူညီချက်ရရှိခဲ့ပါကြောင်း။

 

အပိုင်း ၃ တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ ၅ ချက်ရရှိခဲ့ပါကြောင်း၊ ယင်းမှာ ရရှိခဲ့သည့် သဘောတူညီချက်ဖြစ်ပါကြောင်း၊ အပိုင်း ၃ ပိုင်းစလုံးကို ယနေ့အစည်းအဝေးတွင် Union Acord တစ်ခု လက်မှတ်ရေးထိုးရန် သဘောတူခဲ့ပါကြောင်း။

 

သဘောတူညီချက် ၄ မှာ မိမိတို့ ဆက်လက်ဆွေးနွေးချက်ထားရှိခဲ့သည့် ၂၀၂၀  အဆင့်လိုက် လုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်မှုမှာ ဇယား (၂) ရှိပါကြောင်း၊ ယင်းဇယား(၂) တစ်ခုလုံးကို မူအားဖြင့် ဆက်လက်ဆွေးနွေးသွားရန် သဘောတူထားခဲ့ပါကြောင်း၊ အသေးစိတ် ခေါင်းစဉ်ခွဲများကို ဆက်လက်ဆွေးနွေးရန်အဖြစ် ထားရှိခဲ့ပါကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်ချက်အပေါ်မှာ သဘောမတူရသေးသည့် အချက် ၃ ချက်ရှိပါကြောင်း၊ ယင်းအချက် ၃ ချက်ကိုလည်း ဆက်လက်ဆွေးနွေးရန်အတွက် ထားခဲ့ပါကြောင်း၊ သဘောတူညီချက်တစ်ခုမှာ နှစ်ဖက်မိတ်ဖက်များက ဆွေးနွေးညှိနှိုင်းခဲ့သည့် သဘောတူညီချက်အားလုံးကို JICM ဆွေးနွေးပွဲကနေ မိမိတို့ သဘောတူညီချက်အားလုံးကို မှတ်တမ်းတင် သဘောတူထားပါကြောင်း၊ နောက်ထပ် ဆုံးဖြတ်ချက်တစ်ခုမှာ မိမိတို့ ညီလာခံကို လာမည့် ဩဂုတ်လ  ၁၉၊ ၂၀၊ ၂၁ ရက်တွင် နေပြည်တော်၌ ကိုယ်စားလှယ် ၂၃၀ တက်ရောက်ပြီး ကျင်းပရန် သဘောတူထားပါကြောင်း။

 

ဆုံးဖြတ်ချက်နောက်တစ်ခုမှာ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး NCA တွင် လက်မှတ်ထိုးရန် ဝိုင်းဝန်းတိုက်တွန်းပေးရန်၊ ပါဝင်လာအောင်စည်းရုံးပေးရန် ယင်းသဘောတူညီချက်လည်းပါပါကြောင်း၊ အားလုံး (၇) ချက်ရရှိခဲ့ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုကော်မတီဝင် နိုင်အောင်မငေးတို့သည် သတင်းမီဒီယာများ၏ မေးမြန်းမှုများနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

 

မျိုးနိုင်ဟိန်း

ဓာတ်ပုံ- ကိုထိန်