၈၈ မျိုးဆက်ကျောင်းသား ကိုဂျင်မီ၏ “အအေးမိတဲ့နေ့” တေးစီးရီး စတင်ဖြန့်ချိမည်

အကျဉ်းသားတစ်ဦးဖြစ်ခဲ့သူ ၈၈ မျိုးဆက်ကျောင်းသား ကိုဂျင်မီ၏ “အအေးမိတဲ့နေ့”ဟု အမည်ပေးထားသော တစ်ကိုယ်တော်တေးစီးရီးကို ဇန်နဝါရီ ၁၈ ရက်တွင် စတင်ဖြန့်ချိမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအခွေအတွက် စာနယ်ဇင်းမိတ်ဆက်ပွဲ ကို ဇန်နဝါရီ ၁၃ ရက်က ရန်ကုန်မြို့ City Star ဟိုတယ်၌ ကျင်းပခဲ့သည်။

 

“ဒီအခွေက ‘အအေးမိတဲ့နေ့’သီချင်း အပါအဝင် ကိုယ်ပိုင်သံစဉ်သီချင်း ခြောက်ပုဒ်ပါဝင်တဲ့ မီနီ အယ်လ်ဘမ် ဖြစ်ပါတယ်။ လူတိုင်းမှာ ဒုက္ခရောက်တဲ့နေ့ ရှိတယ်။ အဲဒီနေ့တွေကို ရောဂါကြီးတစ်ခုလို ခံစားတတ်ကြတယ်။ ဒါပေမယ့် ကိုယ့်ထက်ဒုက္ခရောက်သူတွေကိုတွေ့တော့ ကိုယ်ခံစားရတာတွေက အအေးမိသလောက်ပဲ ဖြစ်သွားတယ်။ အဲဒီခံစားမှုနဲ့ ဒီသီချင်းလေးကို ရေးဖြစ်ခဲ့တာပါ၊ သီချင်းအားလုံးကို ကျွန်တော်ထောင်ကျနေစဉ်အခါက ရေးဖွဲ့ခဲ့တာပါ၊ “အအေးမိတဲ့နေ့”တေးစီးရီးကို ဘဝရဲ့ အမှတ်တရအနေနဲ့ ဖန်တီးဖြစ်ခဲ့ပြီး CD /VCD နှစ်ချပ်တွဲ ထုတ်ဝေဖြန့်ချိမှာပါ။ ကျွန်တော့်မှာ ပိုက်ဆံမရှိပါဘူး။ ဒါပေမယ့် ဘေးကနေ ဝိုင်းဝန်း ကူညီကြသူတွေရဲ့ ကျေးဇူးကြောင့် VCD ပါ ရိုက်ကူးဖြစ်ခဲ့တာပါ၊ ကျွန်တော်က ၁၂ ပုဒ်ရအောင် စုပြီးမှ အခွေထုတ်မလို့ပါ၊ ကိုမင်းကိုနိုင်က ခြောက်ပုဒ်နဲ့ပဲ မီနီအယ်လ်ဘမ်လေး ထုတ်လိုက် ပါဆိုတာနဲ့ ထုတ်ဖြစ်ခဲ့တာပါ”ဟု ကိုဂျင်မီက ပြောသည်။

 

ကိုလင်း